လှေပေါ်တွင် အဆမတန် တင်ဆောင်မှုကြောင့် လှေနစ်မြုပ်ပြီး လူ ၁၁ ဦး အသက်ဆုံးရှုံး

လှေပေါ်တွင် အဆမတန် တင်ဆောင်မှုကြောင့် လှေနစ်မြုပ်ပြီး လူ ၁၁ ဦး အသက်ဆုံးရှုံး
by -
မိမွန်စွန်း
ကုန်သည်ပွဲစားက လှေခံနိုင်ဝန်အားထက် လူတင်ဆောင်မှုကြောင့် လှေနစ်မြုပ်ပြီး ထိုင်းနိုင်ငံသို့ ခိုးဝင်သော မြန်မာအလုပ်သမား ၁၁ ဦး အသက်ဆုံးရုံးခဲ့ရသည်။ သေဆုံးသွားသည့် အလုပ်သမား အများစုမှာ အထက်မြန်မာပြည်မှ ဖြစ်သည်ဟု သိရ ...

ကုန်သည်ပွဲစားက လှေခံနိုင်ဝန်အားထက် လူတင်ဆောင်မှုကြောင့် လှေနစ်မြုပ်ပြီး ထိုင်းနိုင်ငံသို့ ခိုးဝင်သော မြန်မာအလုပ်သမား ၁၁ ဦး အသက်ဆုံးရုံးခဲ့ရသည်။ သေဆုံးသွားသည့် အလုပ်သမား အများစုမှာ အထက်မြန်မာပြည်မှ ဖြစ်သည်ဟု သိရသည်။

မေလ ၁၅ ရက်နေ့ သောကြာနေ့တွင် မြန်မာအလုပ်သမား ၁၉ ဦးကို သယ်ဆောင်လာသည့် လှေငယ်တစ်စီး ကော့သောင်းမြို့နယ် မြွေကျွန်းမှ ထိုင်နိုင်ငံ ရနောင်းမြို့သို့ အသွား ည ၈ နာရီ ခွဲခန့်တွင် နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လှေ၏ ခံနိုင်ဝန်အားမှာ လူ ၁၁ ယောက်သာဖြစ်ပြီး ၈ ဦးပိုမိုတင်ဆောင်လာခြင်းကြောင့် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု ကော့သောင်းမြို့ခံ တစ်ဦးကပြောသည်။

“ သေဆုံးသွားတဲ့  လူ ၁၁ ယောက်မှာ ၆ ယောက်က မိန်းမဖြစ်ပြီးတော့၊ ၅ ယောက်ကတော့ ယောကျင်္ားလေးတွေ ဖြစ်တယ်၊ အစမှာတော့ ပွဲစားတွေက လှေပေါ်ကို အလုပ်သမား ၁၁ ယောက် တင််ခိုင်းထားတယ်၊ နောက်မှ ပွဲစားက ဘယ်လိုဖြစ်လဲ မသိဘူး ၊ အလုပ်သမား ၈ ယောက်ထပ်  တင်ခိုင်းတယ်။ လှေက လူ ၁၁ ယောက်ပဲ တင်နိုင်တယ်၊ အခုက လူပိုတင်တော့ လှေကမှောက်တာပေါ့” ဟု ကော့သောင်းမြို့ခံက ဆက်ပြောသည်။

လှေမှောက်သည့်အချိန်တွင်  ၄င်းလူပွဲစားသည်  မြွေကျွန်းပေါ်တွင်ရှိနေပြီး မိမိ၏ လူ ၅ဝ ဦးကို တဘက်ကမ်းထိုင်းနိုင်ငံသို့ လှေဖြင်ပို့ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။

“ မြွေကျွန်းကနေ လှေထွက်ပြီး မိနစ်ပိုင်းမှာပဲ လှေကမှောက်သွားတာ၊  လှေမှောက်တော့ ကျွန်းပေါ်မှာရှိတဲ့ လှေသမားနဲ့ အလုပ်သမားတွေက ဝိုင်းကယ်ကြတယ်။ ဒါပေမယ့် လူ ၈ ဦးကိုပဲ ကယ်နိုင်ခဲ့တယ် “ဟု ကော့သောင်းမြို့မှ တခြား လူပွဲစားတစ်ဦးက ဆက်ပြောသည်။

အသက်ရှင်ကျန်ရစ်သည့် လူ ၈ ဦး ကို ရနောင်းမြို့သို့ သယ်ဆောင်သွားခဲ့သည်ဟု သိရှိရသည်။

အလောင်းဆယ်ခဲ့သည့် လှေသမားတစ်ဦး၏ ပြောပြချက်အရ မေလ ၁၇ ရက် တနင်္ဂနွေနေ့တွင် အလောင်း ၁၁ လောင်းကို ဆယ်နိုင်ခဲ့ပြီး အလောင်းနှင့်အတူ ပါလာသည့် မှတ်ပုံတင်အရ သေဆုံးသွားသည့် သူများမှာ မြန်မာပြည်အထက်ပိုင်းမှ ဖြစ်သည်ဟု ပြောသည်။ အလောင်းများအား မြန်မာဘက်ကမ်း ကော့သောင်းမြို့၌ ယမန်နေ့တွင်ပင် မီးသဂြိုဟ်လိုက်ပြီး ဖြစ်သည်။

“လှေမှောက်ပြီး လူ ၁၁ ယောက်သေဆုံးတာနဲ့ ပတ်သက်ပြီး နေပြည်တော်ကနေ တာဝန်ရှိသူတွေ လာရောက်စုံစမ်းနေတယ်။ တာဝန်ရှိတွေက လှေသမားနဲ့ လှေပိုင်ရှင်ကို ရှာဖွေနေပါတယ်” ဟု ကော့သောင်းမြိံု့ခံတစ်ဦးက ပြောသည်။