မြေပုံမြို့နယ် နိုင်ငံသားစိစစ်မူနဲ့ပတ်သက်တဲ့ အင်တာဗျူး

မြေပုံမြို့နယ် နိုင်ငံသားစိစစ်မူနဲ့ပတ်သက်တဲ့ အင်တာဗျူး
by -
နိရဥ္စရာ

(ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲမှာ မြန်မာနိုင်ငံသား အဖြစ် လျှောက်ထားတဲ့ လူပေါင်း (၁၀၀၀) ကျော်ကို မြို့နယ်အဆင့် တာဝန်ရှိသူတွေက က ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူအက်ဥပဒေနဲ့ စတင် စစ်ဆေးနေပါပြီ။ လျှောက်ထားသူ အကုန်လုံးကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှာလား၊ အသိအမှတ်ပြုတဲ့သူတွေကို ဘယ်လို လူမျိုးနာမည်နဲ့ အသိအမှတ်ပြုမလဲ စသဖြင့် အများပြည်သူက သိချင်နေကြပါတယ်။ နိရဥ္စရာကနေ လဝက ညွှန်ချုပ် ဦးမောင်မောင်သန်းကို စတင်စိစစ်ချိန်မှာ ပြုလုပ်ထားတဲ့ အင်တာဗျူးကို စာဖတ်ပရိသတ်သိအောင် တင်ပြပေးလိုက်ပါတယ်။)

(မေး- နိုင်ငံသား စိစစ်တဲ့ လုပ်ငန်းတွေကို ဘယ်လို ဆောင်ရွက်နေပါလဲ။)

ဖြေ- ကျွန်တော်တို့ကတော့ အခု စပြီးတော့ အရင်တည်းကိုက ပြောထားတဲ့ အတိုင်းပဲလေ။ မြို့နယ် အဆင့် လုပ်ငန်းကော်မတီကနေ စပြီး စိစစ်တာပေါ့။ စိစစ်တဲ့ လုပ်ငန်းလုပ်နေတယ်။ သူတို့ တင်ပြထားတဲ့ဟာ၊ လျှောက်လွှာထဲမှာ ပါတဲ့ဟာတွေ အပေါ်မှာ မူတည်ပြီး သူတို့ စိစစ်တဲ့ လုပ်ငန်းတွေ လုပ်တာပါ။

(မေး- စိစစ်တဲ့ အဆင့်က ဘယ်အထိ ရောက်နေပြီလဲ ဆရာ။)

ဖြေ- ခုက မနေ့ကမှ (၁၀) ယောက်ပဲ ပြီးပါသေးတယ်။ (မှတ်ချက်- စတင်စိစစ်ချိန်က ဖြစ်၍ ၁၀ ဦးဟု ဖြေထားခြင်း ဖြစ်ပြီး ယခု ၃၂၅ ဦးကို စစ်ဆေးပီးပြီလို့ သိရပါတယ်။)

(မေး- စုစုပေါင်း ဘယ်နှစ်ဦးလောက် စစ်ဆေးပါ့မလဲ ဆရာ။)

ဖြေ- လျှောက်လွှာတင်တဲ့လူ ကုန်တဲ့အထိ ကျွန်တော်တို့က စစ်ရမှာပေါ့။ အားလုံးပေါင်း လျှောက်လွှာ တင်ထားတာ (၁၀၉၄) ဦးလေ။

(မေး- အဆင့်ဆင့် စိစစ်ပြီးရင် သူတို့ကို ဘာဆက်ဆောင်ရွက်ပါမလဲ ဆရာ။)

ဖြေ- ဥပဒေအတိုင်းပေါ့။ သူတို့ ရသင့် ရထိုက်တဲ့ဟာကို ဗဟိုကနေ သတ်မှတ်ပေးမှာပေါ့။

(မေး- သူတို့ကို နိုင်ငံသားကတ်တွေ ထုတ်ပေးဖို့ အစီအစဉ်ကော ရှိပါသလား။)

ဖြေ- ဟုတ်ပါတယ်။ သူတို့ကို ဥပဒေနဲ့အညီ သူတို့ ရသင့် ရထိုက်တဲ့ ကတ်ပြားပေးဖို့ ထုတ်ပေးနိုင်ဖို့အတွက် စိစစ်တာပါပဲ။

(မေး- အဲဒီ နိုင်ငံသား ကတ်ထုတ်ပေးမယ့် အစီအစဉ် ဘယ်တော့လောက်ကို အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆပါသလဲ။)

ဖြေ- ဒါကတော့ မြို့နယ် အဆင့်က ထွက်လာပြီလေ။ ပြီးလို့ရှိရင် သူတို့ပြီးသလောက်ကို ပြည်နယ် စိစစ်ရေးအဖွဲ့ကို တင်မှာပေါ့။ အဲ့ဒီကမှ တစ်ခါ ကျွန်တော်တို့ ရုံးချုပ်ကိုတင်၊ ရုံးချုပ်ကနေပြီးတော့ ဗဟိုအဖွဲ့ကို တင်ပေးရမှာပေါ့။ ဗဟိုအဖွဲ့က ဆုံးဖြတ်ပေးမှာပေါ့။

(မေး- သူတို့ကို ဘယ်လို လူမျိုးတွေ အနေနဲ့ အသိအမှတ်ပြုမှာလဲ။)

ဖြေ- ဘယ်လို လူမျိုးလဲဆိုတော့ သူတို့က ဘင်္ဂါလီလူမျိုး အနေနဲ့ပဲလေ။ သူတို့ကို ဘင်္ဂါလီ လူမျိုးအနေနဲ့ပဲ ဥပဒေနဲ့ ညီတဲ့၊ ဥပဒေအရ ရသင့် ရထိုက်တဲ့ ကတ်ပြားတစ်မျိုးမျိုး ရတာပေါ့။ အဲ့ဒီ ဥစ္စာကို ပေးမှာပေါ့။

(မေး- သူတို့ကို မြန်မာနိုင်ငံသား ဖြစ်ခွင့်ပြုပြီး စိစစ်ရေး ကတ်ပေးရင် သူတို့ မြန်မာနိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိနိုင်ပါမလား။)

ဖြေ- ဒါပေါ့၊ ဒါပေါ့။

(မေး- လွတ်လပ်စွာ သွားလာလို့ ရမလား။ ဘယ်လို အခြေအနေမျိုးရှိပါလဲ။)

ဖြေ- အဲဒါတွေက ကျွန်တော်တို့ အပိုင်းမဟုတ်ဘူးဗျ။ ကျွန်တော်တို့က နိုင်ငံသား စိစစ်ပြီးတော့ သူ ရသင့်တဲ့ ဥပဒေနဲ့အညီ ရသင့် ရထိုက်တဲ့ ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးဖို့ စတင်ဆောင်ရွက်တာပါပဲ။

(မေး- ဒါဆို လွတ်လပ်စွာ သွားလာခွင့် အပိုင်းက ဘယ်သူတွေရဲ့ အပိုင်းပါလဲ။)

ဖြေ- အချို့ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ဟာတို့ ၊ အချို့ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာ ဌာနတွေရဲ့ အပိုင်းပါပဲ။

(မေး- မြေပုံမြို့နယ် ပြီးရင် ဘယ်မြို့နယ်တွေမှာဆက်လက် ဆောင်ရွက်ဖို့ ရှိပါလဲ။)

ဖြေ- ကျွန်တော်တို့က ဘယ်မြို့နယ်၊ ဘယ်မြို့နယ်ဆိုတာ သတ်မှတ်ထားတာ မရှိပါဘူး။ သူတို့က နေပြီးတော့ သူတို့ကို လာပြီးတော့ လုပ်ပေးပါ။ ကျွန်တော်တို့ကို စစ်ပေးပါ။ ဆောင်ရွက်ပေးပါ ဆိုရင် ကျွန်တော်တို့ ဆောင်ရွက်ပေးမယ်။ လူမျိုးအမည်ကလည်း ကျွန်တော်တို့ ဒီမှာ အစကတည်းက တောက်လျှောက် ခေါ်လာခဲ့တဲ့၊ အစဉ်တစိုက် ပြောလာခဲ့တဲ့ ဘင်္ဂါလီ လူမျိုးပါဆိုတဲ့ ဥစ္စာနဲ့ ကျွန်တော်တို့ ဆောင်ရွက်ပေးမှာပါ။ )

(မေး- နိုင်ငံသား မဖြစ်တဲ့ လူတွေကိုကော ဘာလုပ်ဖို့ စီစဉ်ထားပါသလဲ။)

ဖြေ- သူတို့ ရသင့်တဲ့ အဆင့်အတန်းကို ရသွားမှာလေ။ အဲ့ဒီဟာက ဘာထွက်လာမလဲ ။ ထွက်လာတဲ့ အပေါ်မှာ ကျန်တဲ့ ခုနက ဟာပြီးပြီလေ။ ကျွန်တော်တို့က ဥပဒေနဲ့ ညီတဲ့ ကတ်ပြားတစ်မျိုးပေးဖို့ ကိစ္စပဲ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ကျန်တဲ့ ကိစ္စတွေက ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး။ အဲ့တော့ ကျွန်တော်လည်း လျှောက်ပြောလို့ မရဘူး။

Most read this week