အထောက်အထားမဲ့ ဘင်္ဂါလီများကို အခြားဒေသများသို့ အခြေချခွင့်ပြုရန် ရခိုင်လူမှုအဖွဲ့များ သမ္မတထံ စာတင်မည်

အထောက်အထားမဲ့ ဘင်္ဂါလီများကို အခြားဒေသများသို့ အခြေချခွင့်ပြုရန် ရခိုင်လူမှုအဖွဲ့များ သမ္မတထံ စာတင်မည်
by -
မဇ္စျိမ

ရခိုင်ပြည်နယ် ဘင်္ဂါလီဒုက္ခသည်စခန်းများမှ အထောက်အထားမဲ့ ဘင်္ဂါလီဒုက္ခသည်များကို ရခိုင်မဟုတ်သည့် အခြားဒေသများတွင် အခြေချနေထိုင်စေရန် သမ္မတထံ အဆိုပြုမည်ဟု ရခိုင်လူမှုအခြေပြု အဖွဲ့အစည်းများက သြဂုတ်၂၀ ရက်တွင် မဇ်္စျိမကို ပြောသည်။

“အဓိကကတော့ အထောက်အထား တစ်စုံတစ်ရာရှိတဲ့သူတွေကို သူတို့မူလနေရာမှာ ထားဖို့၊ အထောက်အထား မရှိသူတွေကိုတော့ ရခိုင်ပြည်နယ်ထဲမှာ ထိန်းသိမ်းရေးစခန်းတစ်ခု ဖွင့်ပြီးသော်လည်းကောင်း ရခိုင်မှာ မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ဒေသအနှံ့အပြားကို သွားရောက် အခြေချနေထိုင်ခွင့်ပြုဖို့သော် လည်းကောင်း ဖြစ် ပါတယ်”ဟု ဦးသန်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ဒုက္ခသည်များ နေရာချထားရေးသည် လုပ်ငန်းစဉ်တစ်ခုအဖြစ် ပါ၀င်ပြီး ဒုက္ခသည်များနှင့်ပတ်သက်၍ အပြောင်းအလဲတစ်ခုကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်း အစိုးရက ပြုလုပ်မည်ဟု ရခိုင် ရပ်မိရပ်ဖများနှင့် တွေ့စဉ် ပြောသည်ဟု ဆိုသည်။

ဒုက္ခသည်များကို အစိုးရက မည်သို့မည်ပုံပြုလုပ်မည်ကို မသိရသေးဘဲ ယခုတင်ပြမည့် စာထဲတွင် ရခိုင်တို့၏ သဘောဆန္ဒကို အဖွဲ့အစည်း ၄၀ ကျော်က ပူးပေါင်း၍ ပေးပို့ခြင်းဖြစ်သည်ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

ထိုအဆိုပြုစာကို သမ္မတ ဦးသိန်းစိန်ထံသို့ သြဂုတ် နောက်ဆုံးပတ်တွင် ပေးပို့မည်ဟု ရခိုင်လူမှုအခြေပြု အဖွဲ့အစည်းများက စီစဉ်ထားသည်။

ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဘင်္ဂါလီ ဆယ်သိန်းခန့်ရှိပြီး ဒုက္ခသည်စခန်းများတွင် တစ်သိန်းကျော်ရှိ နေသည်။

ယင်းတို့အနက် အဖြူရောင်ကတ်နှင့် အခြား အထောက်အထားတစ်စုံတစ်ရာရှိသူများကို ၎င်းတို့၏မူလနေထိုင် ရာ နေရာတွင် ပြန်လည် အခြေချခွင့်ပြုရန်ဟု တင်ပြသွားမည်ဟု ဆိုသည်။

ထို့ပြင် အထောက်အထားတစ်စုံတစ်ရာ မရှိသူများကို ထိန်းသိမ်းရေးစခန်း တစ်ခုခု ဖွင့်လှစ်ပေးရန် သို့မဟုတ် ရခိုင်ပြည်နယ် မဟုတ်သော တိုင်း၊ ပြည်နယ်များသို့ လွတ်လပ်စွာ အခြေချနေထိုင်ခွင့်ပြုရန်တို့ ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘင်္ဂါလီဒုက္ခသည်စခန်းမှ ဒုက္ခသည်ခေါင်းဆောင် ဦးအောင်ဝင်းက “သီးခြားထားပြီး ပိတ်လှောင်ထားတာမျိုးတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ရခိုင်ပြည်နယ်ထဲမှာလည်း ကျွန်တော်တို့ ပညာသင်ခွင့်ကစပြီး အားလုံးအခွင့်အရေး အပြည့်အဝမရဘူး။ ဖြစ်နိုင်ရင်တော့ တရားဝင်ခွင့်ပြုချက်တွေနဲ့ ပြည်နယ်ပြည်မ ကုန်သွယ်ရေးတွေ လုပ်ချင်တယ်”ဟု မဇ္စျိမကို ပြောသည်။