မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို ထောင်ဒဏ် ၄လနှင့် အလုပ်ကြမ်းဖြင့် လသာမြို့နယ် တရားရုံးက သြဂုတ်လ ၁၉ ရက်၌ အမိန့်ချလိုက်ကြောင်း ဦးစိန်သန်း၏ ဇနီးဖြစ်သူ ဒေါ်စောစန္ဒာက မဇ္ဈိမကို ပြောသည်။
ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့နှင့် မဟာဗန္ဓုလပန်းခြံဘေးတွင် တဲထိုးသပိတ်စခန်း ဖွင့်လှစ်ခြင်းကြောင့် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို စည်ပင်ဥပဒေပုဒ်မ ၆၈ ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တရားလိုပြုကာ မတ်လအတွင်း တရားစွဲဆိုခဲ့သည်။
ထိုသို့ တရားစွဲခဲ့ခြင်းကြောင့် အဆိုပါအမှုကို ရင်ဆိုင်ရန် လသာမြို့နယ် စည်ပင်တရားရုံးသို့ ရုံးချိန်းမတိုင်မီ သုံးရက်အလို မေလ ၁၉ ရက်တွင် ၎င်းအား ဖမ်းဝရမ်းထုတ်ခဲ့သည့်အတွက် မေ ၂၁ ရက် ရုံးချိန်းသို့ သွားရောက်ရာတွင် ၎င်းနှင့်အတူ သပိတ်စခန်းမှ လူအင်အား ၈၀ ခန့်က တူညီဝတ်စုံဝတ်ဆင်ကာ ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် လသာမြို့နယ်နှင့် ပန်းပဲတန်းမြို့နယ်မှ ရဲစခန်းမှ တာဝန်ရှိသူများက တရားလိုပြုကာ ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဦးစိန်သန်း၏ ဇနီးက “လသာတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်၄လ အမိန့်ချတယ်။ မနက်ဖြန် (သြဂုတ်၂၀ ရက်) မှာလည်း ဒေါ်စုအိမ်ရှေ့မှာ ဆန္ဒဖော်ထုတ်တဲ့အတွက် ပုဒ်မ ၁၈နဲ့ တရားစွဲထားတာကို ဗဟန်းတရားရုံးမှာ အမိန့်ချဖို့လည်း ရှိတယ်”ဟု ပြောသည်။
ဦးစိန်သန်းသည် ဗဟန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်နှင့် လသာမြို့နယ်များတွင် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်းခံထားရပြီး လသာမြို့နယ်တွင်လည်း စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၆၈ ဖြင့်လည်း ထပ်မံတရားစွဲဆိုခြင်း ခံထားရသူဖြစ်သည်။
မဟာဗန္ဓုလပန်းခြံဘေး၊ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့တွင် မတ် ၂၄ ရက်မှ ယနေ့တိုင် မိကျောင်းကန် သပိတ်စခန်း ဖွင့်ထားပြီး ငါးလခန့်ရှိပြီဖြစ်သည်။