ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ သုံးနှစ်တစ်ကြိမ် ပြုလုပ်မည့် ညီလာခံကို သြဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်သည်ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက သြဂုတ်လ ၁၉ ရက်က NCCT နှင့် လူငယ် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲအပြီး သတင်းထောက်များကို ပြောသည်။
“UNFC ကတော့ ပုံမှန် သုံးနှစ်တစ်ကြိမ် ညီလာခံ လုပ်ဖို့အစီအစဉ်ရှိတယ်။ လုပ်မှာပါ။ ညီလာခံကို ပြင်ဆင်နေတယ်။ အဓိကကတော့ အဖွဲ့ဝင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါ။”ဟု နိုင်ဟံသာက ပြောသည်။
ယင်းညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်တွင်းရှိ နိုင်ငံရေး အင်အားစုများကို ဖိတ်ကြားသွားမည်ဖြစ်ပြီး ကျင်းပမည့် နေရာကိုမှု အတည်ပြုပြောကြားခြင်းမရှိပေ။
UNFCသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခင် ၂ဝ၁ဝ နိုဝင်ဘာလက ဖွဲ့စည်းခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီကို ပြောင်းလဲဖွဲ့စည်း ထားသည့် အဖွဲ့အစည်းဖြစ်သည်။ UNFC တွင် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်ပြည် အမျိုးသား ကောင်စီ(ANC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/တအောင်းအမျိုးသားလွတ်မြောက်ရေးပါတီ(PSLF/TNLA)၊ ဝအမျိုးသားအစည်းအရုံး (WNO)တို့ ပါဝင်သည်။
UNFCသည် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ရန်၊ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသား ညီလာခံ တစ်ခု ပြုလုပ်ရန်နှင့် ပင်လုံစိတ်ဓာတ်အခြေခံသည့် ပြည်ထောင်စု ညီလာခံကြီးတစ်ခု ကျင်းပရန် စသည့် စီမံကိန်း ၆ရပ်ကို ဦးတည်ကာ ငြိမ်းချမ်းရေး လုပ်ငန်းများ၊ တိုင်းရင်းသားအရေး၊ ၂ဝဝ၈ဖွဲ့စည်းပုံ အသစ်ပြန်လည်ရေး ဆွဲရေး စသည့်ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည်။