ပညာသင်ယူလိုသည့် စက်မှုဇုန်အလုပ်သမားများကို စာရင်းကောက်ပြီး အခြေခံပညာအထက်တန်းထိ သင်ကြားပေးရန် စီစဉ်နေပြီဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်သမားများကို စတင်သင်ကြားပေးမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ စာသင်ကျောင်းများ ရှာဖွေနေပြီဖြစ်သည်။
“ညနေဘက်သင်ပေးဖို့ အဆင်ပြေမယ့်ကျောင်းကို ရှာနေပြီ။ သင်စရာနေရာပဲ ပေးပေါ့။ သင်ဖို့ဆရာလည်း ရှာရမှာလေ”ဟု ဦးဝင်းရှိန်က သြဂုတ်လ ၁၈ ရက်က ပြောသည်။
အထက်ပါအတိုင်း စာသင်ကြားပေးရန် INGO အဖွဲ့အစည်းများနှင့် ညှိနှိုင်းထားပြီးဖြစ်ကာ အသေးစိတ် ဆွေးနွေးရဦးမည် ဖြစ်သည်။
“တို့တစ်ဖွဲ့နဲ့ လုပ်လို့မရဘူး။ အလှူရှင် လိုတယ်။ အလုပ်ကတော့ လုပ်ခွင့်ရှိတယ်လေ။ လုပ်ကြ။ ငါတို့နိုင်ငံက ဆင်းရဲတာကိုး”ဟု ဦးဝင်းရှိန်က ဆိုသည်။
၎င်း၏ ပြောဆိုချက်အရ အသက်တစ်ဆယ့်သုံးနှစ်အထက်ရှိသူသည် ကျန်းမာရေးကောင်းပြီး အလုပ်လုပ် ကိုင်ရန် သင့်လျော်ကြောင်း၊ လျှောက်လွှာရှိပါက တစ်ရက်လျှင် လေးနာရီအလုပ်လုပ်ခွင့်ရှိပြီး အသက်တစ် ဆယ့်ငါးနှစ်ကျော်ပါက ရှစ်နာရီအထိ အလုပ်လုပ်ခွင့်ရှိမည်ဖြစ်ကြောင်း ဆိုသည်။
စာသင်ပေးမည့်အချိန်ကို သတ်မှတ်ထားခြင်းမရှိသေးဘဲ “ငါတို့က လုပ်ပေးချင်ပေမယ့် ကလေးတွေကလည်း လာချင်စိတ်ရှိဦးမှ”ဟု ဦးဝင်းရှိန်က ပြောသည်။