ပီအာရ်စနစ်သုံးမည့်နည်းလမ်း ဆုံးဖြတ်တော့မည်

ပီအာရ်စနစ်သုံးမည့်နည်းလမ်း ဆုံးဖြတ်တော့မည်
by -
မဇ္စျိမ

ပါတီအလိုက်ရရှိသည့် ဆန္ဒမဲအရေအတွက် စုစုပေါင်း၏ ရာခိုင်နှုန်းပေါ်မူတည်၍ အမတ်ဦးရေ အချိုးကျရရှိမည့် ပီအာရ်ကို မည်သို့သောနည်းလမ်းဖြင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများ၌ အသုံးပြုမည်ဆိုသည်ကို သြဂုတ် ၁၈ ရက် ကျင်းပမည့် အစည်းအဝေးတွင် အပြီးသတ်ရွေးချယ်တော့မည်ဟု အမျိုးသားလွှတ်တော်ပီအာရ် အကောင်အထည်ဖော်ရေးကော်မရှင်အဖွဲ့ဝင်တချို့က မဇ္ဈိမကို ပြောသည်။

“တစ်ရက်နဲ့ ဆွေးနွေးလို့ မပြတ်ရင် ပြတ်တဲ့အထိ ဆွေးနွေးသွားမှာပါ”ဟု မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၇) ဒေါက်တာဗညားအောင်မိုးက ပြောသည်။

protest-PR

လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်တစ်ခုတွင် မဲအများဆုံးသူ အနိုင်ရစနစ်မှ အနာဂတ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု ခွင့်ရမည့် ပီအာရ်စနစ်ကို ပြောင်းသုံးရန် ကော်မရှင်ဖွဲ့ ဆွေးနွေးနေကြခြင်းဖြစ်သည်။ ကော်မရှင်သည် ပီအာရ်နှင့် ပတ်သက်သည့် ရွေးကောက်ပွဲ ပုံစံလေးမျိုးကို ရေးဆွဲထားပြီး ယင်းတို့အနက် အားသာချက်၊ အားနည်းချက်များကို နှိုင်းယှဉ်ရွေးချယ်ရန်သာ ရှိတော့သည်ဟု ၎င်းက ပြောသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ဘယ်မှာ ကျင့်သုံးမလဲဆိုတာ ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ မပြတ်ရင် လွှတ်တော်တင်တဲ့အခါမှာ ပြန်ဆုံးဖြတ်လို့ရပါတယ်” ဟု ဦးဗညားအောင်မိုးက ဆိုသည်။ ၎င်းက တစ်နိုင်ငံလုံး သို့မဟုတ် တိုင်း(သို့မဟုတ်) ပြည်နယ် မည်သည့်နေရာများအတွက် ပီအာရ်စနစ် ကျင့်သုံးမည်ဆိုသည်ကို ဆုံးဖြတ်ရန် ခက်ခဲဖွယ်ရှိသည်ဟု ယူဆထားသည်။

တိုင်းရင်းသားပါတီတို့က နိုင်ငံတစ်ဝန်းရရှိသည့် စုစုပေါင်းမဲအရေအတွက်ဖြင့် အချိုးချပါက ကိုယ်စားပြုခွင့် လျော့နည်းနိုင်ပြီး တန်းတူအခွင့်အရေးမရနိုင်၊ ဒီမိုကရေစီစနစ်ကျင့်သုံးမှု နုနယ်သေးချိန်တွင် မသင့်လျော်သေးစသဖြင့် မီဒီယာတို့ကို ထုတ်ဖော်ပြောဆိုကာ ကန့်ကွက်ထားကြပြီး ၃၆ ဦးပါ ကော်မရှင်တွင် ရှစ်ဦး နုတ်ထွက်ထားကြသည်။

“ခုတော့ သူတို့ရဲ့အသံတွေ ပျောက်သွားတာပေါ့”ဟု အခြားသော ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် (၃) အမတ်ဦးဖုန်းမြင့်အောင်က ဆိုသည်။

၎င်းသည် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရေး လွှတ်တော်သို့ အဆိုတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အား စုပါတီဝင် တစ်ဦးလည်းဖြစ်သည်။ ၎င်းနှင့်တစ်ပါတီတည်းဖြစ်သူ ရန်ကုန်တိုင်း၊ မဲဆန္ဒနယ် အမှတ်(၁)၊ အမတ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လအတွင်း အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းခြင်းဖြစ်သည်။

“ဒါပေမဲ့ လွှတ်တော်ကို ပြန်တင်လာရင် ကန့်ကွက်လို့ အကျိုးမရှိဘူးဆိုပေမယ့် ကန့်ကွက်စရာရှိတာကိုတော့ ကန့်ကွက်သွားမှာပါ”ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

၎င်းသည် ကော်မရှင်အဖွဲ့မှ နုတ်ထွက်ထားသူဖြစ်ပြီး ဥပဒေကြမ်းအဖြစ် တင်သွင်းလာလျှင် အမျိုးသား လွှတ်တော်အစည်းအဝေး၌ ထပ်မံကန့်ကွက်သွားမည်ဟု ပြောသည်။ အမျိုးသားလွှတ်တော် ပီအာရ်စနစ် အကောင်အထည်ဖော်ရေးကော်မရှင်သည် လာမည့် စက်တင်ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းအဖြစ် တင်သွင်းရန် တာဝန်ယူထားသည်။