ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံအပြီး ရရှိထားသော စာရင်းများအရ မြန်မာ့လူဦးရေသည် မူလခန့်မှန်းတွက်ချက်၊ ပြောဆိုကြသည့် သန်း ၆၀ ထက် လျော့နည်းမည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က ဩဂုတ် ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
“အခုထုတ်ပြန်ဖို့အတွက်ကို ကော်မရှင်စိစစ်ရေးအဖွဲ့က စိစစ်ပြီးပေမယ့် ကော်မရှင် နာယကဆီကို တင်ထား တယ်။ အဲဒီက ပြီးတာနဲ့ ထုတ်ပြန်နိုင်မယ်။ လူဦးရေကတော့ သန်း ၆၀ ထက် လျော့ပါတယ်”ဟု ၎င်းက ပြောသည်။
အချက်အလက်များကို ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကာ ကောက်ခံချိန် အတွင်း ကျန်ရှိခဲ့သည့် ဦးရေကိုလည်း ထည့်သွင်းဖော်ပြပေးမည်ဟု ဦးမြင့်ကြိုင်က ဆိုသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဘင်္ဂါလီပေါင်း ၁၀ သိန်းငါးသောင်းထိ နေထိုင်ပြီး ၎င်းးတို့အနက် အားလုံးနီးပါးက ရိုဟင်ဂျာဟု စာရင်းမသွင်းပါက သန်းခေါင်စာရင်း အကောက်မခံဟုဆိုကာ ကျန်နေကြခြင်းဖြစ်သည်။
ကောက်ခံရရှိပြီးသော စာရင်းများ ထုတ်ပြန်ပေးနိုင်ရန် နိုင်ငံတကာသန်းခေါင်စာရင်း အကြံပေးအဖွဲ့များ၊ ကမ္ဘာ့လူဦးရေ ရန်ပုံငွေအဖွဲ့ (ယူအမ်အက်ပီအေ)တို့နှင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်တို့ပူးပေါင်းစိစစ် နေသည်ဟု ဦးမြင့်ကြိုင်က ဆိုသည်။
၁၉၈၃ ခုနှစ်တွင် ကောက်ခံခဲ့သည့် စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၃၀ သာ ရှိခဲ့သော်လည်း ၂၀၁၄ သန်းခေါင်စာရင်းမကောက်မီကမူ လူဦးရေ သန်း ၆၀ ကျော်အထိ ရှိနိုင်မည်ဟု လူဦးရေပညာရှင်များက ခန့်မှန်းထားကြခြင်းဖြစ်သည်။
“လူဦးရေ လျော့သွားတာကတော့ လူတွေက စားဝတ်နေရေးကို ဦးစားပေးရတဲ့အခါ၊ စီးပွားရေးအခြေအနေ မကောင်းတဲ့အခါ ကလေးမယူကြတော့တာ အဓိက ပြဿနာပဲ။ သူတို့မကောက်ခင် အစမ်းကောက်ခဲ့တုန်း ကဆိုရင် မြန်မာနိုင်ငံမှာ အိမ်ထောင်မရှိ အပျို၊ လူပျိုတွေ ပိုတိုးလာတယ်လို့ ကောက်ခံရရှိတယ်။ အဲဒီဟာက လည်း လူဦးရေလျော့ကျတဲ့ အချက်တစ်ခုပဲ”ဟု အမည်မဖော်လိုသူ လူဦးရေပညာရှင် အမျိုးသမီးတစ်ဦးက မဇ္ဈိမကို ပြောသည်။
ဩဂုတ်လမကုန်မီ ထုတ်ပြန်ပေးမည့် စာရင်းတွင် တိုင်း၊ ပြည်နယ်အသီးသီး၏ မြို့နယ်များအလိုက် လူဦးရေ အတိအကျ ပါဝင်ရန် စီစဉ်နေသည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ပြောသည်။
ယင်းသည် ရှေ့ပြေးစာရင်း ထုတ်ပြန်ခြင်းသာဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူမှုမှ ရှိသော အချက်အလက် အားလုံးကိုမူ ၂၀၁၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးထား၍ ထုတ်ပြန်နိုင်ရန် မျှော်မှန်းသည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ပြောထားပြီးဖြစ်သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ မှ ဧပြီလ ၁၀ ရက်ထိ ဆောင်ရွက်ခဲ့သည်။