ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (UPWC) နှင့် နိုင်ငံရေး ပါတီ ၆၀ ကျော် တို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) တွင် သြဂုတ်လ ၁၁ရက်နေ့တွင် တွေ့ဆုံပြီး တစ်နိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး ပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် မူဘောင် ကိစ္စများ ကြိုတင်ဆွေးနွေးခဲ့ကြသည်။
“ ဒီကနေ့ ဆွေးနွေးပွဲကတော့ ယနေ့အထိ ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အခြေအနေ နဲ့ နိုင်ငံရေးဆွေး နွေးပွဲအတွက် လိုအပ်တဲ့ မူဘောင် Framework for Political Dialogue အတွက် ကြိုတင်ပြင်ဆင်တဲ့ ဆွေးနွေးညှိနှိုင်းပွဲ တစ်ခု ဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲ၏ အဖွင့်အမှာစကားတွင် ၀န်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း (၆၀) အတွင်း နိုင်ငံရေးမူဘောင် များရေးဆွဲရန်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ရက်ပေါင်း (၉၀) အတွင်း ကျင်းပရန် လက်ရှိ ဆွေးနွေး နေသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် မူကြမ်းတွင် သဘော တူထားသည်။
“ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ဆိုရင် အခုလောလောဆယ် တစ်နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး Nationwide Ceasefire Agreement ကိုရအောင် ကြိုးစားနေပါတယ်၊ ဒါပြီးရင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ပြင်ဆင်ရပါမယ်၊ ဒီမူဘောင် သဘောတူညီချက်မှ သည် န်ိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်သွားမှာဖြစ်ပါ တယ်’’ ဟု ဦးအောင်မင်းက ပြောဆိုသည်။
ဆွေးနွေးပွဲတတ်ရောက်လာသည့် နိုင်ငံရေးပါတီ ၆၀ ကျော်အနက်မှ တိုင်းရင်းသားပါတီများစုပေါင်းထားသည့် ညီနောင် တိုင်းရင်းသားပါတီ များဖက်ဒရေးရှင်း (NBF) နှင့် အမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF) တို့မှ Political Framework ခေါ် နိုင်ငံရေးမူဘောင်ချမှတ်ခြင်းမူကြမ်းများ အဆိုပြုတင်ပြထားသည်ဟု သိရသည်။
အပစ်အခတ်ရပ်စဲအပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်း သားလက်နက် ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါ၀င်သည့် ၈ ပွင့်ဆိုင်တွေ့ဆုံရေးကို အစိုးရက အဆိုပြုထားသော်လည်း NCCT ဘက်က နိုင်ငံရေးဆွေးနွေးပွဲ၌ အစိုးရ၊ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်း၊ မှတ်ပုံ တင်ရရှိပြီးသော နိုင်ငံရေးပါတီများနှင့် သင့်တော်သည့် ဒီမိုကရေစီအင်အားစုတို့ တို့ဖြင့် သုံးပွင့် ဆိုင်တွေ့ဆုံရေးကိုသာ လိုလားသည် ဟု ပြောဆိုထားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့(NCCT) တို့သည် အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းကိုဆွေးနွေးရန် လာမည့် သြဂုတ်လ ၁၅ နှင့် ၁၆ ရက်တို့ တွင် MPC ၌တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်တွင် နိုင်ငံရေး ပါတီများ နှင့် နိုင်ငံရေးမူဘောင် ချမှတ်ရေး ကိစ္စရပ်များကို ထပ်မံဆွေးနွေးကြ မည်ဖြစ်သည်။
“နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေးဖြစ်စဉ်များရှင်းလင်းတင်ပြခြင်း နှင့် အပြန်အလှန်ဆွေးနွေးခြင်း’’ ဆိုသည့် ခေါင်း စဉ်ဖြင့် ကျင်းပပြု လုပ်သော ယနေ့တွေ့ဆုံပွဲတွင် တက်ရောက်လာသော ချင်းဒီမို ကရေစီအဖွဲ့ချူပ်(CLD) ဥက္ကဌ ဦးငိုင် ဆာခ့်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုးတက်မှုရှိလာပြီး အပစ်အခတ်ရပ်စဲရေးကို မကြာမှီ လက်မှတ်ရေး ထိုးနိုင် မည်ဟု မျှော်လင့် ကြောင်း ခိုနူမ်းသုန် ကိုပြောသည်။
“ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က အတော်လေးကိုအရှိန်ရလာပြီ၊ တိုင်းရင်းသားလူမျိူးတွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးချုပ်ဆိုပြီဆိုတာနဲ့ စ ရ မယ့် Process တွေ က အခု ကျနော်တို့ ပါတီ အချင်းချင်းတွေ့ကြတယ်၊ မူဘောင်တွေချမှတ် မယ်၊ ခုဆက် က်ဆွေးနွေးနေ တာဖြစ် တယ်၊ နောက် တဆင့်ဆွေးနွေးတဲ့အခါ ဒီထက်အခြေ အနေကောင်း လာမယ်၊ နှစ်ဖက်စလုံးရဲ့အခြေအနေကို ကျနော်တို့လေ့ လာချက်အရ အပစ်အခတ်ရပ် စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အလားအလာရှိတယ်၊ ခုလောလော ဆယ်တော့ စကားလုံး အသုံး အနှုန်းတွေပါပဲ၊ အဲဒီစကားလုံးအသုံး အနှုန်းလေးတွေကလည်း ကျနော်တို့ အကြံ ပြု ထားတာရှိပါ တယ်’’ ဟု ဦးငိုင်ဆာခ့်ကပြောသည်။
ယနေ့တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(USDP) စသည့် နိုင်ငံရေးပါတီကြီးများ အပါအဝင် နိုင်ငံရေးပါတီ ၆၆ ခုမှ ကိုယ်စားလှယ်များ၊ သီးခြားဖိတ်ကြားထား သူနှင့် လေ့လာသူများ စုစုပေါင်း ( ၁၅၀ ) ဦးခန့် တက်ရောက်ခဲ့ကြသည်။