၄၃၆ ပြင်ဆင်ရေးလက်မှတ် ငါးသန်း ထိုက်သင့်သည့် အကျိုးရမည်ဟု ဦးရွှေမန်းပြော

၄၃၆ ပြင်ဆင်ရေးလက်မှတ် ငါးသန်း ထိုက်သင့်သည့် အကျိုးရမည်ဟု ဦးရွှေမန်းပြော
by -
မဇ္စျိမ

အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း ကောက်ယူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ် ငါးသန်းခန့်သည် ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရရှိနိုင်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက်္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၁၁ ရက်တွင် ပြောသည်။

“၄၃၆ လှုပ်ရှားမှုပေါ့၊ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီအပေါ်မှာ အကျိုးသက်ရောက်မှု မရှိပါ၊ ဒါပေမဲ့ ပြည်သူ့ အသံ၊ လွှတ်တော်ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ရဲ့ လိုလားချက်၊ လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပဲ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်နဲ့ သက်ဆိုင်တဲ့အတွက် ထိုက်သင့်တဲ့ အကျိုး သက်ရောက်မှု ရှိနိုင်ပါတယ်လို့ ဖြေချင်ပါတယ်”ဟု နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သို့သော် ၎င်းက မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိမည်ဆိုသည်ကိုမူ မပြောကြားခဲ့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ၅၄ ရက်ကြာ ကောက်ခံခဲ့သည့် ၄၃၆ ပြင်ဆင်ရေးလက်မှတ် ငါးသန်းခန့်ကို လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ တင်သွင်းမည်ဟု ကြေညာထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ကောက်ယူထားသည့်လက်မှတ် ငါးသန်းခန့်သည် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး ကော်မတီအပေါ်တွင် တိုက်ရိုက်သြဇာသက်ရောက်မှုရှိမည် မဟုတ်သော်လည်း ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သဖြင့် ပြည်သူ့ ဆန္ဒ၊ လွှတ်တော်ဆန္ဒဖြစ်၊ မဖြစ် စောင့်ကြည့်မည်ဟု ဆိုထားသည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန်ယူထားသူ သူရဦးရွှေမန်းက ယင်းသို့ဆိုသော်လည်း အမျိုးသားလွှတ်တော် နာယက ဦးခင်အောင်မြင့်ကမူ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုသည် မလိုအပ်ဟု ပြောထားသည်။

ဦးခင်အောင်မြင့်က ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရန် အခြေခံဥပဒေပြင်ရမည်ဖြစ်သဖြင့် အဆိုပါ လူထုလှုပ်ရှားမှုမှာ လိုအပ်ခြင်းမရှိဟု သြဂုတ်လ ၈ ရက်၊ ဗွီအိုအေသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော်ကလည်း ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ဖွဲ့ဆောင်ရွက်နေပြီး လုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု နာယက သူရဦးရွှေမန်းကလည်း ပြောထားသည်။

ကော်မတီ၏ အစီရင်ခံစာကို လာမည့် လွှတ်တော်တွင် တင်သွားမည်ဖြစ်ပြီး ဥပဒေကြမ်းတစ်ရပ် ပြုစုကာ ဆောင်ရွက်သွားမည်ဟုလည်း သူရဦးရွှေမန်းက ဆိုသည်။

ချမှတ်ထားသည့် စည်းမျဉ်းများအရ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းများကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ခြောက်လ အလိုတွင် အပြီးသတ်ရမည်ဖြစ်သည်။

Most read this week