အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပြုလုပ်သည့် ဆိပ်ကမ်းငါးခုတွင် တရားမဝင်ကုန်သွယ်မှု ပညာပေးဖမ်းဆီး မှုကာလ ပြီးမြောက်ပါက သံသယ ဖြစ်ဖွယ်ရာများတွေ့ရှိလျှင် ကုန်သေတ္တာများကို မိုးလုံလေလုံ ဂိုထောင် တစ်ခုထားရှိ၍ အသေးစိတ် ဖွင့်ဖောက် စစ်ဆေးသွားမည်ဟု တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအဖွဲ့မှ ညွန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောသည်။
လက်ရှိ ဆိပ်ကမ်းများတွင် တရားမဝင် ကုန်ပစ္စည်းစစ်ဆေးသည့် စက်များဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိရာ အဆိုပါ စက်များမှာ နည်းပညာ လိုအပ်ချက်များ ရှိနေသေးသည့်အတွက် ယခုကဲ့သို့ အသေးစိတ် ဖွင့်ဖောက်စစ်ဆေးခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဆိပ်ကမ်းတွေမှာ စစ်ဆေးဖို့ လိုအပ်တာတွေ ရှိလာရင် သတင်းရရှိမူပေါ် မူတည်ပြီးတော့ စစ်ဆေးသွားမှာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိစစ်ဆေးတဲ့ စက်တွေက နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် တစ်ဆင့်လောက် နိမ့်နေပါ သေးတယ်။ နိုင်ငံတကာမှာ စစ်ဆေးတဲ့စက်တွေက ကျည်ဆံတစ်တောင့်ဆိုလည်း ဖော်ဆောင်နိုင်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စက်တွေက ပုံရိပ်တစ်ခုကိုပဲ ဖော်ဆောင်ပေးနိုင်ပါသေးတယ်” ဟု ဦးတင်ရဲဝင်းက ပြောသည်။
တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန်အတွက် အပြည်ပြည်ဆိုင်ရာဆိမ်ကမ်းငါးခုဖြစ်သည့် အေးရှားဝေါလ်၊ ထီးတန်း၊ မြန်မာ့စက်မှု၊ ဗိုလ်အောင်ကျော်၊ ဆူးလေ စသည့်ဆိပ်ကမ်းငါးခုတွင် ဇူလိုင် ၁ ရက်ကစတင်၍ သြဂုတ်လ ၁၅ ရက်နေ့အထိ် ပညာပေးကာလအဖြစ် စစ်ဆေးလျက်ရှိသည်။
အဆိုပါ ဆိပ်ကမ်းငါးခုတွင် Mobile Team များကို နေ့ည နှစ်ဖွဲ့ထားရှိ၍ ၂၄နာရီစောင့်ကြည့်စစ်ဆေး သွားမည်ဖြစ်ပြီး သတင်းရရှိမှုပေါ်မူတည်၍ အခြေအနေအရသံသရဖြစ်ဖွယ်ယူဆရ သည့် ကုန်သေတ္တာများကို ဆိမ်ကမ်းများတွင်စစ်ဆေးခြင်းမပြုဘဲ မိုးလုံလေလုံ ဂိုထောင်ထဲတွင်အသေးစိတ်ဖွင့်ဖောက်၍ စစ်ဆေးသွားမည် ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအဖွဲ့မှ Mobile Teamလုပ်ငန်းများစတင်ဆောင် ရွက်သည့် ၂ဝ၁၂ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၄ ခုနှစ်ဧပြီလအထိ ဖမ်းဆီးရရှိသည့်ကုန်ပစ္စည်း စုစုပေါင်း တန်ဖိုး ၁၉ ဒသမ ၆၁၂ ဘီလီယံ ရရှိပြီးဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။