၂၀၁၅ ရွေးကောက်ပွဲသည် စိန်ခေါ်မှုနှင့် မြန်မာ့နိုင်ငံရေး အဆုံးအဖြတ်ဖြစ်လာနိုင်ဟု ကန်နိုင်ငံခြားရေး ၀န်ကြီးပြော

၂၀၁၅ ရွေးကောက်ပွဲသည် စိန်ခေါ်မှုနှင့် မြန်မာ့နိုင်ငံရေး အဆုံးအဖြတ်ဖြစ်လာနိုင်ဟု ကန်နိုင်ငံခြားရေး ၀န်ကြီးပြော
by -
မဇ္စျိမ

လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် စိန်ခေါ်မှုဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးအချိုးအကွေ့ကို ဆုံးဖြတ်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သြဂုတ် ၁၀ ရက်တွင် ပြောကြားလိုက်သည်။

၎င်းက “ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အနာဂတ်စိန်ခေါ်မှုဖြစ်ပြီး ဒီရွေးကောက်ပွဲကနေ မြန်မာက ဘယ်အချိုးအကွေ့ကို သွားမလဲဆိုတာ အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်”ဟု ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ကန်နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော်ဧည့်ဂေဟာရှိ Lake Garden ဟိုတယ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲသည် အားလုံးပါ၀င်ပြီး ပွင့်လင်းမြင်သာရန်လည်း လိုအပ်မည်ဟု ၎င်းက ပြောသည်။

၎င်းက “ဒါမှသာ ၂၀၁၅ မှာ ငြိမ်းချမ်းစွာနဲ့ အာဏာလွှဲပြောင်းနိုင်မှာ ဖြစ်တယ်”ဟု ဖြည့်စွက်ပြောသည်။

၁၉၉၀ ပြည့်နှစ်က အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသော်လည်း ယခုအချိန်တွင် ပါလီမန်တွင် ထိုင်ကာ မြန်မာနိုင်ငံရေးရှေ့လုပ်ငန်းစဉ်များကို စီမံခန့်ခွဲနေနိုင်ခြင်းသည် တိုးတက်မှုဖြစ်သည်ဟု ၎င်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဒီမိုကရေစီရေး တိုးတက်ဖြစ်ထွန်းမှုများကိုလည်း အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ဖွယ်ရာများ ရှိနေသေးသည်ဟုလည်း ဆိုသည်။

၎င်းက “လူ့အခွင့်အရေး၊ ဥပဒေတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေမှာ ရှေ့ဆက်တိုးတက်မှုရှိအောင် ဆက်လက် လုပ်ဆောင်ရပါမယ်”ဟု တိုက်တွန်းသည်။

မြန်မာနိုင်ငံ၏ ခက်ခဲနေသော ပြဿနာများဖြစ်သည့် ပြည်တွင်းစစ် ပြဿနာ၊ လူမှုအခြေပြုအဖွဲ့အစည်းများ တိုးတက်ရန်လည်း ကြိုးစားသွားရမည်ဟု ဆိုသည်။

၎င်းက “အစိုးရအနေနဲ့ ဒီအခွင့်အရေးတွေကို သူပေးလို့ရခဲ့တယ်ဆိုတဲ့ လွတ်လပ်မှုမျိုးဖြစ်နေတယ်။ ဒါကို ဥပဒေအရ အာမခံမှု မရှိဘူးဖြစ်နေတယ်”ဆိုသည်။

ရခိုင်တွင်ဖြစ်ပွားခဲ့သည့် လူမှုအဖွဲ့အစည်းနှစ်ရပ်ကြား ပဋိပက္ခများသည်လည်း ပြုပြင်ပြောင်းလဲရေးကို ခြိမ်းခြောက်နေသည်ဟု ၎င်းက သတိပေးခဲ့သည်။

ကယ်ရီသည် ၎င်း၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

Most read this week