အိန္ဒိယ – မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းပေါ် ချင်းပြည်နယ်ဖက် နယ်စပ် ရိဒ်ခေါ်ဒါရ် ( တီအိုရွာ) မြို့သစ်တွင် မြန်မာကျပ် ငွေ စက္ကူဟောင်းနွမ်းများ သုံးစွဲမရကြောင်း ယခုကဲ့သို့ ဖြစ်နေသည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။
အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ယခုလို ကျပ်ငွေစက္ကူဟောင်းများ သုံးစွဲမရသည့်အတွက် ကုန်သည်၊ စျေး သွား၊ စျေးဝယ်က အစ ပြည်သူများ ကုန်စည် ဖလှယ်ရာမှာ အခက်အခဲကြုံတွေ့နေကြသည်ဟု ပူးဘွေဆုမ်းက ယခုလို ပြောသည်။
” ဒီနေရာက ကုန်သွယ်ရေး လမ်းကြောင်းဆိုတော့ ငွေလည်ပတ်မှုက မြန်တော့ယင် ငွေစက္ကူတွေက ချက်ချင်း နွမ်းကျေ သွား တာပေါ့နော်၊ ဒီငွေစက္ကူတွေ ကို စျေးရောင်း စျေးဝယ်တွေ အချင်းချင်းကြား လက်မခံတော့ အားလုံးက ဒုက္ခ ရောက် တာပေါ့ လေ” ဟု ပြောသည်။
သက်ဆိုင်ရာ ဌာနဆိုင်ရာ အစိုးရ အာဏာပိုင်များ အနေဖြင့်လည်း ယခုလို ဟောင်းနွမ်းသော ငွေ စက္ကူများ မသုံးနိုင်သည့်ကိစ္စနှင့် ပါတ်သက်ပြီး တစုံတရာ ဖြေရှင်းနိုင်မှု မရှိသည့်အပြင် သူတို့ကိုယ်တိုင်လည်း အခက်ကြုံနေရသည်ဟု သိရသည်။
” ကျမတို့ ဘာပဲ ၀ယ်ဝယ် စျေးရောင်းသူက ကျမတို့ ပေးတဲ့ငွေကို လက်မခံဘူး၊ လက်ခံပါ ပြောလို့လည်းမရ၊ အသစ် စက် စက် ငွေစက္ကူလည်းမရှိ၊ ဘယ်အာဏာပိုင်မှ လည်း မဖြေရှင်းပေးနိုင်းဘူး၊ သူတို့ကိုယ်တိုင်လည်း ကျမတို့ ပြည်သူတွေလိုပဲပေါ့ ” ဟု ဒေသခံ စျေးဝယ် အမျိုးသမီးတဦးက ခိုနုမ်းသုန်သို့ပြောသည်။
ယခုလို ကျပ်ငွေ စက္ကူရွက်ဟောင်းတွေ သုံးစွဲမခြင်းသည် မြန်မာတပြည်လုံး အနှံ့ ဖြေရှင်းမရသော ကိစ္စဖြစ်သည်ဟုသိရပြီး တဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်မှာမူ ရူပီး ငွေစက္ကူဟောင်းများ သုံးစွဲမရခြင်း မရှိကြောင်း တစုံတခု ဆုတ်ပြဲမိပါက သက်ဆိုင်ရာ အစိုးရ ဘဏ်ရုံးက ချက်ချင်း လှဲပေးသည်ဟု သိရသည်။