ပြည်နယ်နှင့်တိုင်းများတွင် ခြောက်လကြာ စစ်တမ်းကောက်ယူရရှိမှုအရ တစ်နေ့ လုပ်အားခကို ကျပ် ၆,၅၀၀ သတ်မှတ်ရန်နှင့် ပြည်နယ်နှင့် တိုင်းအလိုက် ၁၄ မျိုး ခွဲခြား သတ်မှတ်ပေးရန် ရလဒ်ထွက်ပေါ်လာသည့်အတွက် အလုပ်သမား ဒုတိယဝန်ကြီး ဦးဆောင်သည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့် ကော်မတီနှင့် အလုပ်သမားကိုယ်စားလှယ်များ သြဂုတ်လ ၈ ရက်တွင် တွေ့ဆုံဆွေးနွေးပြီး အတည်ပြုတော့မည် ဖြစ်သည်။
ထိုတွေ့ဆုံဆွေးနွေးပွဲကို ခြောက်လကြာ ကောက်ယူခဲ့သည့် စစ်တမ်းနှစ်ခုအပေါ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့် ကော်မတီ၊ တိုင်းနှင့်ပြည်နယ်အလိုက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ကော်မတီနှင့် အလုပ်သမားကိုယ်စားလှယ်များက သြဂုတ်လ ၈ ရက်တွင် ရလဒ်များကို အတည်ပြုနိုင်ရေး နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရုံးတွင် တွေ့ဆုံဆွေးနွေးသွား ကြမည်ဖြစ်သည်ဟု အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အလုပ်သမား ကိုယ်စားလှယ် ကိုနော်အောင် မဇ္ဈိမကို ပြောသည်။
အနည်းဆုံးအခကြေးငွေဥပဒေ ပေါ်ထွက်ခဲ့သည်မှာ တစ်နှစ်ခွဲခန့် ကြာပြီဖြစ်သော်လည်း လုပ်ခ၊ လစာ သတ်မှတ်နိုင်ရေး အငြင်းပွားမှုများရှိနေသည့်အတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးတိုင်းနှင့်ပြည် နယ်အလိုက် အလုပ်သမားများ၏ စီးပွားရေးအခြေအနေ၊ ဒေသတစ်ခု၏ကုန်စျေးနှုန်း၊ အလုပ်ရှင်များ၏ ထုတ်ကုန်တန်ဖိုး၊ ကုန်ထုတ်လုပ်မှု၏ ကုန်ကျစရိတ်နှင့် ကျန်ရှိသည့် အမြတ်ငွေ စသည်တို့အပေါ် ခြောက်လကြာ စစ်တမ်းကောက်ယူခဲ့သည်။
အဆိုပါရလဒ်များအပေါ် အခြေခံ၍ အလုပ်ရှင်နှင့် အလုပ်သမားများ မျှတသည့် တစ်နေ့လုပ်ခကို အနည်းဆုံး ကျပ် ၆,၅၀၀ သတ်မှတ်ရန်နှင့် ပြည်နယ်နှင့်တိုင်းအလိုက် အနည်းဆုံးလုပ်ခလစာ ၁၄ မျိုး ခွဲခြားသတ်မှတ်ရန် စစ်တမ်းအရ တွေ့ရှိခဲ့သည့်အတွက် ထိုတွေ့ရှိချက်ရလဒ်များ အတည်ပြုနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။
အဆိုပါ အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် စစ်တမ်းကောက်ယူခြင်းကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)နှင့် ပူးပေါင်း၍လည်းကောင်း၊ တိုင်းနှင့် ပြည်နယ်အလိုက် အလုပ်သမားသမဂ္ဂများက လည်းကောင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး ဦးမျိုးအောင်က “အခကြေး ငွေသတ်မှတ်ပေးရေးက အချိန်ဆွဲလို့ မရပါဘူး။ အလုပ်ရှင်နဲ့ အလုပ်သမား မျှတတဲ့ နှုန်းထားတစ် ခုဖြစ်ဖို့ရှိပါ တယ်”ဟု ပြောသည်။
အနည်းဆုံးအခကြေးငွေ သက်ဆိုင်ရာvတိုင်းအလိုက် ကုန်စျေးနှုန်းအပေါ် အခြေခံပြီး အလုပ်သမားများ၏ အလုပ်အကိုင် အမျိုးအစားနှင့် ထိုသူ၏လုပ်ကိုင်နိုင်စွမ်းအပေါ်မူတည်၍ အနည်းဆုံးအခကြေးငွေ ကျပ် ၆,၅၀၀ ရရှိရေးကို အလုပ်သမားသမဂ္ဂအဖွဲ့များက၂၀၁၃ ခုနှစ်၊ ဇွန်လမှစ၍ မြို့နယ်ပေါင်း ၆၀ ကျော်တွင် တစ်နေ့တာ ကုန်ကျစရိတ် စစ်တမ်းအပေါ် အခြေခံကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရာမှာ ဒေသတစ်ခုနဲ့တစ်ခု တစ်နေ့တာ ကုန်ကျစရိတ် မတူပါဘူး။ အလုပ်သမားတွေအတွက် ကျပ် ၆,၅၀၀ က ရမှကို ဖြစ်မယ်”ဟု ကိုနော်အောင်က ပြောသည်။
အနည်းဆုံးအခကြေးငွေ ၁၄ မျိုးကို ပြည်နယ်နှင့်တိုင်းအလိုက် သတ်မှတ်ပေးရန်နှင့် တစ်နေ့လုပ်ခ ကျပ် ၆,၅၀၀ သတ်မှတ်ရေးကို အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီနှင့် အနည်းဆုံး အခကြေးငွေသတ်မှတ်ပေးရေး ဆွေးနွေးမှု နှစ်ကြိမ်ရှိခဲ့ပြီဖြစ်သော်လည်း ယခု တတိယအကြိမ်တွင် အတည်ပြုသွားမည်ဖြစ်သည်။
ဇွန်လအတွင်း ဒုတိယကြိမ်တွေ့ဆုံမှုတွင် လုပ်ခလစာ ပြည်နယ်နှင့်တိုင်းအလိုက် ခွဲခြားသတ်မှတ်ပေးရန် သဘောတူညီမှု ရရှိခဲ့ခြင်းကြောင့် ယခုတတိယအကြိမ်တွင် အနည်းဆုံး အခကြေးငွေ ၁၄ မျိုး သတ်မှတ်ရန်နှင့် တစ်နေ့လုပ်ခ ကျပ် ၆,၅၀၀ ရရှိရေး ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း ကိုနော်အောင်ထံမှ သိရသည်။
အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ်ဖြစ်သူ ဒဂုံဆိပ်ကမ်းစက်မှုဇုန် ဒုတိယဥက္ကဋ္ဌ ဦးသိန်းရှင်က “၆၅၀၀ ပမာဏဟာ အလုပ်ရှင်တွေ ပေးဖို့ အခက်အခဲဖြစ်စေနိုင်ပါတယ်။ အလုပ်သမားများ တောင်းဆိုတဲ့ နှုန်းထားက များနေပါတယ်။ ရသင့်ရထိုက်တဲ့ နှုန်းထားမျိုးဖြစ်ရမယ်ဆိုပေမယ့် ဒီနှုန်းထားက အလုပ်ရှင်တွေကို စက်ရုံပိတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်”ဟု ပြောသည်။
အလုပ်ရှင်များဘက်မှ အနည်းဆုံး တစ်နေ့ လုပ်ခကို ကျပ် ၅၆၀၀ သာပေးနိုင်မည်ဟုလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာအဖွဲ့ (ILO)နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့၏ ဇူလိုင်လအတွင်း လက်မှတ်ရေးထိုးပွဲတွင် လုပ်ငန်းရှင်များက ဆွေးနွေးခဲ့ကြသည်။
၂၀၁၃ မတ်လအတွင်း ထုတ်ပြန်ထားသော အနည်းဆုံးအခကြေးငွေဥပဒေပါ ပုဒ်မ ရ၊ ပုဒ်မခွဲ (င) အရ အခကြေးငွေနှုန်းထားများတွင် အလုပ် ကျွမ်းကျင်မှုအလိုက် အလုပ်ချိန် တစ်နာရီ၊ တစ်ရက်၊ တစ်ပတ်၊ တစ်လအတွက် အခကြေးငွေ (သို့မဟုတ်)အခြားအချိန်ပိုင်း အလုပ်တစ်ခုအတွက် အခကြေးငွေနှုန်းထားကို လုပ်ငန်းခွင် ဘေးအန္တရာယ်ရှိနိုင်မှုအပေါ် မူတည်၍ လေ့လာစိစစ်ပြီး ထည့်သွင်းဖော်ပြရမည်ဟု ပါရှိသည်။