အဖျောက်မြို့သစ်တွင် ကမ်းပါးပြို၊ အိမ်ထောင်စု ၄ဝကျော်ပြောင်းရွှေ့ရန်ကျန်နေ

အဖျောက်မြို့သစ်တွင် ကမ်းပါးပြို၊ အိမ်ထောင်စု ၄ဝကျော်ပြောင်းရွှေ့ရန်ကျန်နေ
by -
မဇ္စျိမ

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် အဖျောက်မြို့သစ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျနေသည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးဇော်စိုးက သြဂုတ် ၅ရက်တွင် မဇ္စျိမကို အတည်ပြု လိုက်ပြီး စိုးရိမ်စရာမရှိဟုပြောသည်။

"အဲဒါက ကျွန်းဖြစ်နေတာ အလယ်မှာနေတဲ့ သူတွေကတော့ ဘာအန္တရာယ်မှမရှိပါဘူး။ မနှစ်ကလည်း ဇရပ်ပါသွားတယ်။ နှစ်တိုင်းကမ်းပြိုပါတယ်"ဟု ဦးဇော်စိုးကဆိုသည်။

aug15

ထိုသို့ နှစ်စဉ် အန္တရာယ်ကြံုတွေ့နေသဖြင့် ယင်းနေရာရှိ ရွာသစ်ကျေးရွာနှင့် ငှက်ပျောတော ကျေးရွာတို့ကို အဖျောက်မြို့သစ်နှင့် မိုးကုလားရွာကြားရှိ ဘောလုံးကွင်းကွက်သစ်သို့ ၂ဝ၁၃ခုနှစ် ကတည်း ပြောင်းရွှေ့ပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။

ဒေသခံအချို့ကမူ ကျွန်းအဖြစ် တည်ရှိနေသည့် ယင်းနေရာတွင် အိမ်ခြေ ၄ဝ ကျော်ခန့် မပြောင်းရွှေ့ရသေးဟု ပြောကြသည်။

"အဲဒီဖက်ကသူတွေကို ပြီးခဲ့တဲ့နွေတုန်းက ပြောင်းခိုင်းတာ တစ်ဝက်ပဲပြောင်းသေးတယ်။ လေးဆယ်ကျော် ကျန်နေသေးတယ်။ အဲဒီဖက်က ကျွန်းလေ၊ မြစ်က အဲဒီကျွန်းကို နှစ်ခွဖြတ် စီးသွားတာ"ဟု ဦးထွန်းက ပြောသည်။

ယင်းကျွန်းသည် ဧက တစ်ထောင်ကျော် အကျယ်အဝန်းရှိပြီး နှစ်စဉ်နှစ်တိုင်း တစ်ဖက်က ကမ်းပါး ပြိုလျှင် တစ်ဖက်၌ သောင်များပြန်ထွန်းလေ့ရှိသည်ဟု ၎င်းင်းက ပြောသည်။ အဖျောက် မြို့သစ်နေ ဦးဝင်းသိန်းဆိုသူကမူ ကျွန်းအလယ်တွင်ရှိသည့် ရေပေါ်သောင်နှင့် အခြားသော ရွာနှစ်ခုသည် ကမ်းပြိုသည့် နေရာနှင့် အနည်းငယ်လှမ်းသည်ဟု ပြောသည်။

သြဂုတ်၂ရက်မှ စတင်ကာ ကမ်းပါးပြိုကျနေခြင်းဖြစ်ပြီး အဖျောက်မြို့သစ် ရွာသစ်ရွာထိပ်ရှိ စေတီတစ်ဆူပျက်စီးခဲ့ပြီဟု ဒေသခံ ဦးထွန်းက ဆိုသည်။ သြဂုတ် ၅ရက် နံနက် ၆နာရီခန့် ကမ်းပြိုချိန်တွင် ဉာဏ်တော် ၉တောင်ရှိ ငြိမ်းအေးချမ်းသာ ဆုတောင်းပြည့် စေတီတော် ပြိုကျကျ၍ မြစ်အတွင်း နစ်မြုပ်သွားခဲ့သည်။

Most read this week