ကြားဖြတ်အစိုးရတင်မြှောက်လိုသည့် ထုတ်ပြန်ချက်ကို ရေးသားဖော်ပြခဲ့သည့် Bi မွန်းတည့်နေဂျာနယ်မှ အယ်ဒီတာ ကိုရဲမင်းအောင်အား ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ပြီး ကျန်ငါးဦးကို ပုဒ်မပြောင်းလဲ အရေးယူပေးရန် တရားလိုက တရားရုံးများသို့ တင်သွင်းခဲ့သည့်အတွက် သြဂုတ်လ ၄ ရက်တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ)/၃၄တို့ဖြင့် ပြောင်းလဲတရားစွဲရန် တရားသူကြီးများက အမိန့်ချမှတ်ခဲ့သည်။
အမှုတွဲပါ၀င်သည့် ဂျာနယ်တိုက်မှ ခြောက်ဦးနှင့် MDCF (ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု)မှ အဖွဲ့ဝင်တစ်ဦးတို့ကို ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့က ကွင်းလုံးကျွတ်လွှတ်ပေးရန်နှင့် ပုဒ်မပြောင်းလဲတရားစွဲဆိုရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။
“ကိုရဲမင်းအောင် လွတ်မြောက်သွားတာက တရားစွဲဆိုဖို့ အခြေခံအချက်အလက် မလုံလောက်ဘူးလို့ ယူဆလို့ပါ။ ကျန်သူတွေကို အခြေခံအချက်အလက်ရှိတယ်လို့ သုံးသပ်လို့ တရားစွဲတင်တာပါ”ဟု ၎င်းက ပြောသည်။
Bi မွန်းတည့်နေ ဂျာနယ်တိုက်မှ ငွေပင်ငွေရင်းစိုက်ထုတ်သူ ကိုကျော်မင်းခိုင်နှင့် ကိုယဉ်မင်းထွန်း၊ အကြီးတန်းသတင်းထောက် ကိုကျော်ဇောဟိန်း(မင်းဝဿန်)၊ ဂျာနယ်တာဝန်ခံအယ်ဒီတာ ကိုသူရအောင်နှင့် အမှုဆောင် အယ်ဒီတာ ကိုဝင်းတင်၊ MDCF အဖွဲ့ဝင် ကိုနောင်နောင်တို့ကို အများပြည်သူအထိတ်တလန့် ဖြစ်စေမှု၊ နိုင်ငံတော်လုံခြံုရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှု အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ဃ) /(ည)မှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)/ ၃၄ တို့ဖြင့် ပြောင်းလဲတရားစွဲဆိုရန် အမိန့်ချမှတ် ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ)/ ၃၄ အရ နှစ်နှစ််အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးအရအဖြစ်ပြည်သူများ က တင်မြှောက်ကြောင်း MDCF (ဒီမိုကရေစီစဉ် ဆက်မပြတ်လှုပ်ရှားမှု အင်အားစု)က ထုတ်ပြန်ခဲ့ခြင်းနှင့် သတင်းရေးသားဖော်ပြခဲ့ခြင်းတို့အတွက်ကြောင့် ရဲသတင်းအထူးတပ်ဖွဲ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးရောဘတ်စန်းအောင်က “အခုလို ပုဒ်မပြောင်းသွားတာကတော့ ကောင်းတဲ့ရလဒ်ပါ”ဟု ပြောသည်။
မူလ ပုဒ်မမှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြံုရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှုများဖြင့် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ဃ)/(ည) တို့ဖြင့် ၎င်းတို့ကို ရဲသတင်းအထူးတပ်ဖွဲ့က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လ ရ ရက်ထုတ် Bi မွန်းတည့်နေအပတ်စဉ်ဂျာနယ် အတွဲ(၁)၊ အမှတ် (၂၉)တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF (ဒီမိုကရေစီစဉ် ဆက်မပြတ်လှုပ်ရှားမှုအင်အားစု)က ထုတ်ပြန်ခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြ ခဲ့သောကြောင့် အမှတ်(၂)သတင်းတပ်ဖွဲ့ခွဲ ဒု-ရဲမှူးသိန်းထွန်းက တရားလိုပြု၍ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။