သမဂ္ဂအသုံးအနှုန်းကို တားမြစ်ခြင်းသည် သမိုင်းကို အဆက်ဖြတ်ခြင်းဟု ဝေဖန်

သမဂ္ဂအသုံးအနှုန်းကို တားမြစ်ခြင်းသည် သမိုင်းကို အဆက်ဖြတ်ခြင်းဟု ဝေဖန်
by -
မဇ္စျိမ

သမဂ္ဂဆိုသည့် အသုံးအနှုန်းကို သုံးစွဲခွင့်ပြုမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ ခင်စန်းရီက ပြောကြားလိုက်သည့်အပေါ် သမဂ္ဂဆိုသည့် အသုံးအနှုန်းကို တားမြစ်ထားခြင်းသည် လက်ရှိကျောင်းသားနှင့် သမိုင်းကို အဆက်ဖြတ်လိုခြင်းဖြစ်သည်ဟု ၁၉၆၂ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်ခဲ့သူ စာရေးဆရာ ၀င်းထွဋ်ဇော်က ဝေဖန်ပြောကြားလိုက်သည်။

ကျောင်းသားသမဂ္ဂများသည် မြန်မာ့လွတ်လပ်ရေးနှင့် တပ်မတော်ပေါ်ပေါက်လာရန် သန္ဓေတည်ခဲ့သည့် အဖွဲ့အစည်းများဖြစ်ပြီး သမဂ္ဂဆိုသည့် အသုံးအနှုန်းအပေါ် အစိုးရက ကြောက်ရန် မလိုဟုလည်း ၎င်းက ဆိုသည်။

Students-organization

ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီက“သမဂ္ဂ၊ အဖွဲ့အစည်းအစား အစည်းအရုံးလို့ သုံးကို သုံးရပါမယ်”ဟု သြဂုတ်လ ၃ ရက် ရန်ကုန်စိန်ရတုသဘင်ခန်းမတွင် ကျင်းပသည့် အဆင့်မြင့်ပညာရေး ဥပဒေကြမ်းနှင့်ပတ်သက် သည့် ဆွေးနွေးပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပညာရေး အသိုင်းအဝိုင်းအချို့ ပါ၀င်သည့် အလုပ်အဖွဲ့ ၁၈ ဖွဲ့က ဦးဆောင်ရေးဆွဲခဲ့သည့် အဆင့်မြင့်ပညာရေးဥပဒေကြမ်းတွင် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများသမဂ္ဂနှင့် အဖွဲ့အစည်းများကို အခန်း (၉) ပုဒ်မ-၃၆အရ သမဂ္ဂနှင့် အဖွဲ့အစည်းဟူသော အသုံးအနှုန်းအစား အစည်းအရုံးဟုသာ သုံးစွဲရမည်ဟု သတ်မှတ်ပြဋ္ဌာန်းရန် ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။

ဆရာဝင်းထွဋ်ဇော်က “ဒါက မဖြစ်သင့်တဲ့ကိစ္စပါ။ အစည်းအရုံးဆိုတာလည်း သမဂ္ဂသဘောပဲဖြစ်လို့ သမဂ္ဂဆိုတာ သုံးလို့ မရဘူးဆိုရင် ကျောင်းသားတွေကို သမိုင်းအဆက်ဖြတ်ချင်လို့လား၊ ရှေ့မှာလုပ်မယ့် ကျောင်းသားအစီ အစဉ်တွေကို ဖြတ်တောက်ချင်လို့လားဆိုတာ ထင်စရာရှိတယ်”ဟု ပြောသည်။

အဆင့်မြင့်ပညာရေးဥပဒေအရ တက္ကသိုလ်အသီးသီးတွင် ပေါ်ပေါက်လာမည့် ဆရာများ အစည်းအရုံးနှင့် ကျောင်းသားများ အစည်းအရုံးများသည် သက်ဆိုင်ရာ တက္ကသိုလ်များ၏ ပဋိညာဉ်နှင့်အတူ ဖွဲ့စည်းဆောင်ရွက် ခွင့်ရှိကြောင်း ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီက ပြောသည်။

ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့အတွင်းရေးမှူး ကိုနန်းလွင်က “သမဂ္ဂဆိုတဲ့ အမည်ကို ဘယ်တော့မှ မပြောင်းဘူး။ သမိုင်းအစဉ်အလာအရ သမဂ္ဂဆိုတာ ရှိနေဦးမှာပါပဲ။ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု ပြောသည်။

လက်ရှိပညာရေးးဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲလျက်ရှိသည့် ပညာရေးကဏ္ဍနှင့်သက်ဆိုင်သည့် ဥပဒေကြမ်း များကို ဆရာ၊ ဆရာမသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားအဖွဲ့အစည်းများက ကန့်ကွက်မှုများ ရှိနေသည်။

လွတ်လပ်ရေးမရမီကပင် ၁၉၃၆ ခုနှစ်က ပေါ်ပေါက်ဖွဲ့စည်းခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂတို့ ခေါ်ဝေါ်သုံးစွဲ ဖွဲ့စည်းခဲ့ကြသည်။ ထိုသမဂ္ဂများမှ ကျောင်းသားများကပင် တို့ဗမာအစည်းအရုံးကို ဖွဲ့စည်းခြင်း၊ ရဲဘော်သုံးကျိပ်ဖြင့် ဗမာ့တပ်မတော်ကို ဖွဲ့စည်းခြင်း၊ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်ဟုလည်း ဆရာ ၀င်းထွဋ်ဇော်က ဆိုသည်။

Most read this week