ကလေးစစ်သား စုဆောင်မှုနှင့် ပတ်သက်၍ စစ်တပ် တာဝန်ရှိသူ ၂၆၀ ကျော် အရေးယူ ခံရ

ကလေးစစ်သား စုဆောင်မှုနှင့် ပတ်သက်၍ စစ်တပ် တာဝန်ရှိသူ ၂၆၀ ကျော် အရေးယူ ခံရ
by -
မဇ္စျိမ

တာဝန်ထမ်းဆောင်နေသော အသက်မပြည့်သေးသည့် ကလေး စစ်သားများ အနက် ၉၁ ဦးကို သြဂုတ်လ ၁ ရက်က ပြန်လည်လွှတ်ပေးခဲ့ပြီး ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်၍ စစ်တပ်မှ တာဝန်ရှိသူ ၂၆၉ ဦးကို အရေးယူထားသည်ဟု အစိုးရက သတင်း ထုတ်ပြန် လိုက်သည်။

ရန်ကုန်မြို့ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်ကကလေးစစ် သား ၉၁ ဦးကို မိဘများထံ ပြန်လည် အပ်နှံခဲ့ခြင်း ဖြစ်ပြီး ယင်းအခမ်း အနားတွင် သတင်း ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

အရွယ်မရောက် သေးသူ ကလေးစစ်သားများ စစ်မှုထမ်းခြင်းမှ တားဆီးရေး အတွက် အစိုးရနှင့် ကုလသမဂ္ဂတို့ အကြား သဘောတူခဲ့သည့် အချိန်မှ စ၍ တပ်မတော်မှ နုတ်ထွက်ခွင့် ပြုလိုက်သည့် ကလေးစစ်သား အရေအတွက် အများဆုံး အကြိမ်လည်း ဖြစ်သည်။ စက်တင်ဘာလမှ သြဂုတ်လ အတွင်း မြန်မာ စစ်တပ်မှ ပြန်လည် လွတ်မြောက် လာသည့် ကလေးအရေ အတွက် ၃၆၄ ဦး ရှိပြီ ဖြစ်သည်။

"အန်တီတို့က သားလေး ပြန်လွတ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစား ခဲ့ရတယ်"ဟု အသက် ၁၇ နှစ် အရွယ် ကလေးစစ်သား ၏ မိခင်ဖြစ်သူ ဒေါ်ရီရီဝင်းက ဆိုခဲ့သည်။

ကလေးစစ်သားများ ပြန်လည် လွတ်မြောက်ရေး အတွက် အစိုးရ၊ တပ်မတော်နှင့် ကလေးသူငယ် အခွင့်အရေး ကြီးလေးစွာ ချိုးဖောက်မှုများ အား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး နိုင်ငံအလို်က် အထူးတာဝန် အဖွဲ့ (CTFMR) တို့ ပူးပေါင်း ဆောင်ရွက် ကြခြင်းဖြစ်သည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာန တို့မှ CTFMR နှင့် ပူးပေါင်း၍ လွတ်မြောက် လာသူများကို ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဟု ယူနီဆက်ဖ် မြန်မာ၏ ဒုတိယ ဌာနေ ကိုယ်စားလှယ် Ms. Shalini Bahuguna က ပြောသည်။

"ပြန်လည် ၀င်ဆန့် ပေါင်းစည်းရေး အတွက် လိုအပ်ချက်တွေက အမျိုးအစား မတူကြ ပါဘူး။ ကျန်းမာရေး၊ ပညာရေး စတဲ့ ကွဲပြားတဲ့ လိုအပ်ချက်တွေကို အစိုးရ ဌာနတွေနဲ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။"ဟု Ms. Shalini Bahuguna က ပြောသည်။

တပ်မတော်တွင် စစ်မှုထမ်း ခြင်းမှ အရွယ်မရောက်သည့် ကလေးများ နုတ်ထွက်ခွင့် ရပြီးသည်နှင့် တစ်ပြိုင်နက် စာသင်နှစ်၏ မည်သည့် အချိန်တွင် မဆို ကြန့်ကြာခြင်း မရှိဘဲ ချက်ခြင်း ကျောင်းပြန်တက်ရန် ၂၀၁၄ ခုနှစ်၊ မေလတွင် ပညာရေး ၀န်ကြီးဌာနက ထုတ်ပြန် ထားသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်များ အပေါ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထံမှ ကလေးစစ်သား လွတ်မြောက်ရေးမှာ မူတည်လျှက် ရှိကြောင်း Ms. Shalini Bahuguna က ထပ်လောင်း ပြောခဲ့သည်။