၄၃၆ လှုပ်ရှားမှုအကြောင်း သတင်းစာရှင်းလင်းပွဲလုပ်သွားမည်ဟု ဒေါ်စု ပြော

၄၃၆ လှုပ်ရှားမှုအကြောင်း သတင်းစာရှင်းလင်းပွဲလုပ်သွားမည်ဟု ဒေါ်စု ပြော
by -
မဇ္စျိမ

ပုဒ်မ ၄၃၆ လှုပ်ရှားမှုရလဒ်များအား သတင်းစာရှင်းလင်းပွဲ လုပ်သွားမည်ဟု NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၁ရက်က ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ အပြီးတွင် မီဒီယာသို့ ပြောသည်။

“၄၃၆ Campaign နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပြီးပြောပါမယ်၊ PR ကိစ္စကိုပဲ ပြည်သူတွေ စိတ်ဝင်စားနေတဲ့အတွက် အဲဒါကိုလဲ ဆက်လုပ်ပါ့မယ်၊ တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD ၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒကောက်ယူမှုတွင် မိမိဆန္ဒအလျောက် လက်မှတ်ထိုးသည့် အရေအတွက်မှာ အလှမ်းဝေးသော နယ်မြို့အချို့ထံမှ စာရင်းများမပါဝင်ဘဲ ငါးသန်းနီးပါး (၄ ဒသမ ၉ သန်း) ရထားပြီ ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် NLD၏ ၄၃၆ Campaing စနစ်သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ရဲဝံ့ပွင့်လင်းလှသည့် ဆန္ဒဖော် ထုတ်မှုစနစ် ဖြစ်သည်ဟုလည်း သူမက ဆိုသည်။

“ကျွန်မတို့လုပ်တဲ့ပုံစံက လျှို့ဝှက်မဲစနစ်မဟုတ်ဘူး၊ မဟုတ်တော့ မလုပ်ရဲတဲ့(လက်မှတ်မထိုးရဲတဲ့) ပြည်သူတွေ ရှိတယ်၊ မလုပ်ရဘူးလို့ အပြောခံရထားတဲ့ ဝန်ထမ်းတွေလဲရှိတယ်၊ မဲရုံတွေ ဆောက်ထားတာလဲမဟုတ်ဘူး၊ ဒီတော့ တကယ်စိတ်ပါဝင်စားတဲ့ ဆန္ဒရှိလူတွေက ထိုးရမယ့်နေရာကို စုံစမ်းပြီးမှ သွားထိုးကြတာ၊ ကျွန်မ ရဲရဲဝံ့ဝံ့ ပြောနိုင်တာက ဒီနိုင်ငံရဲ့သမိုင်းမှာ ဒီလိုလူ ငါးသန်းကနေပြီး ကိစ္စတစ်ခုကို လက်မှတ်ထိုးပြီးတော့ မိမိတို့ ရဲ့ဆန္ဒကို လျှို့ဝှက်မဲ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်းထောက်ခံ လက်မှတ်ထိုးတာမျိုး တစ်ခါမှမထိုးဖူးဘူး၊ ဒါ ဒီနိုင်ငံမှာ ပထမဆုံးပဲ” ဟု သူမက မီဒီယာသို့ ပြောသည်။

ယခုကဲ့သို့ ထောက်ခံလက်မှတ်များရမည် မှန်သော်လည်း အဆိုပါအရေအတွက်မှာ တစ်နိုင်ငံလုံးရှိ မဲပေးခွင့်ရှိ ဦးရေ၏ ရာခိုင်နှုန်းမည်မျှရှိသင့်သည် ဟူသော အယူအဆများအပေါ် မည်သို့ သဘောထားပါသလဲဟု မီဒီယာက မေးသည်ကို သူမက “Voters Persentage ဆိုတာကို တကယ်သိချင်ရင် အဲဒီတုန်းက (၂ဝဝ၈ အခြေခံဥပဒေ ထောက်ခံပွဲလုပ်စဉ်က ) Voters တွေ ရခဲ့တဲ့ ရွေးကောက်ပွဲလို ပုံစံမျိုး လုပ်ပေးလေ၊ ဒါဆိုရင် သိမှာပါ၊ ၂ဝဝ၈ ပြည်သူ့ဆန္ဒခံယူပွဲမှာ ဘယ်လောက်ရခဲ့တယ်ဆိုရင် အခုအဲ့ဒီလိုပုံစံအတိုင်းလုပ်ပေး” ဟုလည်း ပြန်လည်ဖြေကြားခဲ့သည်။

Most read this week