ဒီးမော့ဆိုမြို့နယ် ၆ မိုင်စံပြကျေးရွာအုပ်စု၊ ဒေါဆိုရှေးရွာမှ တောင်သူ ၈ ဦးနှင့် လယ်ထွန်စက်မောင်းသမား နှစ်ဦးတို့ကို အမှတ် (၃၆၀) အမြောက်တပ်က တပ်ဧရိယာအတွင်း ကျူးကျော်ထွန်ယက်လာသည်ဟု ဆိုကာ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၉ ရက်နေ့ ညနေ၂ နာရီအချိန်တွင် ရွာသားများအား အမြောက်တပ် (၃၆၀) မှ နေ့လည် နှစ်နာရီတွင် ရဲဘော် ရ ဦးကနေပြီး လက်နက်များ ကိုင်ဆောင်၍ တောင်ယာထဲသို့ လာရောက်ခေါ် ယူခဲ့ကြောင်း ဒေါဆိုရှေးရွာမှ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဒေါဆိုရှေးရွာမှ တောင်သူများ တောင်ယာလုပ်နေချိန်တွင် အမြောက်တပ်မှ လာရောက်ခေါ်ယူသွားခြင်းဖြစ်ပြီး အခြားတောင်ယာထဲတွင် ယာလုပ်နေသည့် အမျိုးသမီးတစ်ဦးက ̏ကျွန်မတို့ သေနတ်သံ သုံးချက်ကြားတယ် ပြီးတော့သွားကြည့်တော့ ဆိုင်ကယ်တွေ စက်တွေ ပဲတွေ့တော့တယ်״ ဟုပြောသည်။
၎င်းတို့ (၁၀) ဦးအား တပ်အတွင်းခေါ်ဆောင်ထားပြီးညနေ ၅ နာရီအချိန်တွင် ရဲများ ရောက်ရှိလာကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ည ရ နာရီခန့်တွင် ပြန်လွတ်ပေးခဲ့ကြောင်း ရွာသားများအား အမှုရင်ဆိုင်ရန် ဇူလိုင်လ ၃၀ ရက်နေ့တွင် ဒီးမော့ဆိုမြို့ ရဲစခန်းသို့ လာရောက် ထပ်မံ စစ်ဆေးမှုများခံယူရန် လက်မှတ် ထိုးခိုင်းခဲ့ကြောင်းသိရသည်။
ခေါ်ယူခြင်းခံခဲ့ရသည့် ရွာသားများထဲမှ တောင်သူတစ်ဦးက ̏ ကျွန်တော်တို့ တောင်ယာလုပ်နေတဲ့ အချိန်သေနက်သံ နှစ်ချက်အရင် ကြားတယ် ပြီးတော့ ကျနော်တို့ကို လာခေါ်သွားတယ် ဟိုရောက်တော့ ဖုန်းတွေလည်း သိမ်းလိုက်တယ်။ ခုတောင်ယာလုပ်တဲ့ နေရာက တပ်ဧရိယာလို့ပြောပြီး ကျွန်တော်တို့ကို မေးမြန်းစစ်ဆေးပါတယ်״ ဟုပြောသည်။
ခေါ်ယူခြင်းခံရသည့် အခြားရွာသားတစ်ဦးကလည်း“ကျွန်တော်တို့ကို တပ်ရင်းမှူးက မင်းတို့ ရဲစခန်းသွားပြီး အပြစ်ကိုရင်ဆိုင်ရမယ် ဘယ်လိုပြောရမလဲ အပြန်အလှန် ညှိနှိုင်းရမယ်ပေါ့နော် အဲ့ဒါလက်မှတ်ထိုးခိုင်းတယ် မှတ်ပုံတင်တွေလည်းယူလာရမယ် လူကြီးတွေ ခေါ်လာလည်း ဝင်လို့ရမှာမဟုတ်ဘူးလို့ပြောတယ်״ ဟု ပြောသည်။
အခုကဲ့သို့ မပြုလုပ်မီ ဇူလိုင်လ ၂၃ ရက်နေ့ကအမြောက်တပ်မှ ရွာသားများအား တပ်ဧရိယာ ဖြစ်သွားပြီ ဖြစ်သည့်အတွက် တောင်ယာမလုပ်ရန် ခေါ်၍ပြောဆိုခဲ့သေးကြောင်း ရွာသားများကပြောသည်။
လက်ရှိအခြေနေတွင် ရွာသား (၁၀)ဦးမှ ဒီးမော့ဆိုရဲစခန်းတွင် စစ်ဆေးမှု ခံနေပြီး အမြောက်တပ်မှ ရောက်လာခြင်း မရှိသေးဟု စစ်ဆေးခံနေသည့် ရွာသားတစ်ဦးက ပြောသည်။
၎င်းက ̏ကျွန်တော်တို့ကို အခုစစ်ဆေးနေပါပြီ ရဲစခန်းမှာပါ ကျွန်တော်တို့ဘက်က အချက်လက်တွေ အကုန်ပေးပြီးပါပြီ တစ်ယောက်ချင်းစီ ခေါ်ပြီးစစ်ဆေးတယ် တပ်ဖက်က အကြီးအကဲကတော့ မရောက်လာသေးဘူး״ ဟုဇူလိုင်လ ၃၀ ရက်နေ့နေ့ လည်ချိန်တွင် ဆက်သွယ်မေးမြန်းချိန် ဖြေကြားခဲ့သည်။
၎င်းအမြောက်တပ် တည်ရှိရာနေရာသည် ယခင်ကဒေါးဆိုရှေး ရွာဟောင်းနေရာဖြစ်ပြီး ဖြတ်လေးဖြတ်ခောတ် ၁၉၈၉ ခုနှစ်တွင် ပြောင်းရွေ့ခံခဲ့ရပြီး တခြားနီးစပ်ရာ ကျေးရွာများနှင့် စံပြ ၆ မိုင်ကျေးရွာအုပ်စုတို့တွင် သွားရောက် နေထိုင်ခဲ့ကြရခြင်း ဖြစ်သည်။
ဘိုးဘွားစဉ်ဆက် ယခုချိန်ထိ လက်ရှိတောင်ယာများကိုသာ ဆက်လက်လုပ်ကိုင်လာခဲ့ကြသည်ဟု သိရသည်။
(၃၆၀) အမြောက်တပ် အနီးရှိ ဒေါဆိုရှေး၊ ပြားကနဲ ၊ထီးတူကူး ရွာများမှာ ၎င်းတောင်ယာမြေများတွင် နှစ်စဉ် ပြုလုပ်ခဲ့ပြီး အခွန်အဖြစ် တဧက စံပါး(၃)ပုံး အမြောက်တပ်ကို ပေးဆောင်ရကြောင်း ယခုအခါ အခွန်လည်းမကောက်တော့ဘဲ ယာမြေများကို တပ်ဧရိယာ ဖြစ်သည့်အတွက် လုပ်ကိုင်ခွင့်မပြုတော့ကြောင်း ယခုနှစ်တွင် ပြောကြားထားသည်။
(၃၆၀) အမြောက်တပ်ရင်း မှာ လွိုင်ကော် နှင့် ဒီးမော့ဆိုကြား လေးမိုင်စံပြကျေးရွာ အနီးတွင်ရှိပြီး ၂၀၀၂-၂၀၀၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
တပ်နယ်နိမိတ်သတ်မှတ်ရာတွင် ဒေါစဲ(ရှေ့)ရွာမှ ရွာသားများထိန်းသိမ်းထားသည့် အစိုးအဖွဲ့ပိုင် သစ်တောများ နှင့်လည်း အငြင်းပွားလျက်ရှိနေသည်ဟု သိရသည်။
၂၀၁၄ ခုနှစ်အတွင်းတွင် ကယားပြည်နယ်တွင်းရှိ တပ်မြေတွင် သီးစားခဖြင့်လုပ်ကိုင်လျက်ရှိသူများကို စစ်တပ်မှ တားဆီး ပိတ်ပင်လာသည်ကို ကြံုတွေ့နေကြရသည်။ ထိုနည်းတူ ငွေတောင်ရွာရှိ ၄၂၇ တပ်ရင်းတပ်သိမ်းမြေများကို လုပ်ကိုင်လျက်ရှိသည့် ဒေသခံများကိုလည်း လာမည့်နှစ်တွင် စိုက်ပျိုးခွင့် မပြုတော့ကြောင်း သိရသည်။