မွန်ပြည်နယ် မုဒုံမြို့တွင် ဒီကေဘီအေစစ်သားတစ်ဦး၏ သတိမဲ့မှုကြောင့် ၄င်းကိုင်ဆောင်ထားသော သေနတ်မှ အလိုအလျောက် မတော်တဆ မောင်းပြုတ် သွားသောကြောင့် အရပ်သား ၄ ဦးအား ထိမှန်ခဲ့သည်ဟု သိရသည်။
မုဒုံမြို့နယ်ရှိ ပိုင်ကမာကျေးရွာတွင် ကဆုန်လပြည့်နေ့ ပွဲတော်ကို အကြောင်းပြပြီး ဗိုလ်မိုးကြိုး ဦးဆောင်သော ဒီကေဘီအေ စစ်သား ရ ဦးခန့် ကစားဝိုင်း လာရောက် ဖွင့်လှစ်ထားကြသည်။
လပြည့်နေ့ည ၉ နာရီနှင့် ၁ဝ နာရီကြားတွင် ဒီကေဘီအေစစ်သားတစ်ဦး ကိုင်ဆောင်ထားသော သေနတ်မှ အလိုအလျောက် မောင်းပြုတ်သွားရာ အနီးအနားရှိ အရပ်သား ယောကျ်ားလေးဦးကို ထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“သေနတ်မောင်းပြုတ်တော့ အနီးမှာရှိတဲ့ လူလေးယောက်ကို ထိသွားတယ်၊ တစ်ယောက်က မုဒုံမြို့က၊ သုံးယောက်ကတော့ ကော့ခလွယ်ရွာက” ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။
ကျည်ဆံထိသွားသော အရပ်သားလေးဦးအား မော်လမြိုင်ပြည်သူ့ဆေးရုံသို့ တင်ခဲ့ရပြီး ယခုအချိန်အထိပင် ဆေးရုံတွင်သာ ကုသမှု ခံယူနေရသေးသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်းထိခိုက်မှုကြောင့် ဒီကေဘီအေမှ လျော်ကြေးအနည်းငယ်မျှ ပေးဆပ်ခြင်းမရှိဟု ရွာသားများက ပြောဆိုနေကြသည်။
မတော်မဆ သေနတ်မောင်းပြုတ်သွားသော ဒီကေဘီအေစစ်သားတစ်ဦးနှင့် အရာရှိတစ်ဦးကို အာဏာပိုင်များက မော်လမြိုင်သို့ ခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်ထိပင် မည်သည့်သတင်းအစအနမျှ မကြားသိရသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
“ဘာလုပ်ဖို့ ခေါ်သွားတာလည်းတော့ မသိဘူး၊ သူတို့အချင်းချင်း ဒီအတိုင်းပဲ ညှိပြီးတော့ ပြေလည်သွားမှာပါ၊ ဘာမှအရေးယူမှာ မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ဒီကေဘီအေနှင့် အာဏာပိုင်များ ဆက်ဆံရေးအပေါ် ၄င်း၏အမြင်ကို ပြောသည်။
လွန်ခဲ့သော ဧပြီလတွင်လည်း မုဒုံမြို့နယ် ကျွန်းရွာ၌ ဒီကေဘီအေစစ်သားတစ်ဦး၏ သေနတ်မှ ကျည်ဆံမှာ မတော်မဆလွတ်ထွက်သွားမှုကြောင့် ရွာသားတစ်ဦးအား ထိခိုက်ဒဏ်ရာရရှိစေခဲ့သော်လည်း လျော်ကြေးအတွက် အနည်းငယ်မျှပင် ပြောဆိုသွားခြင်း မရှိဟု သိရသည်။