မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့် ဆင်မကျွန်းကျေးရွာ အုပ်စုရှိ ရွာ ခုနစ်ရွာမှ အိမ်ခြေပေါင်း ၆၀၀ကျော် ရွှေ့ပြောင်းခဲ့ရ၍ အရေးပေါ် အကူအညီလိုအပ်နေသည်ဟု ဒေသခံတို့က ပြောသည်။
ဇူလိုင်၂၁ရက်မှ စတင်ပြိုကျခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ မြစ်ကမ်းပြိုမှု မရပ်သေးဟု ဒေသခံဦးမျိုးမင်းက မဇ္ဈိမကို ပြောသည်။ ကမ်းပြိုမှုအတွင်း နေအိမ်များအပြင် စိုက်ပျိုးမြေများလည်း ပျက်စီးဆုံးရှုံးနေသည်ဟု ဒေသခံတို့က ဆိုသည်။
ဆင်မကျွန်းကျေးရွာအုပ်စုအတွင်း ပဲ၊ နှမ်း၊ ပြောင်း၊ အာလူး၊ ကြက်သွန်နှင့် ဥယျာဉ်သီးနှံများ စိုက်ပျိုးရာ မြေ ဧက ၆,၁၀၀ ကျော်ရှိသည့်အနက် ဧက ၄,၀၀၀ ကျော်ဆုံးရှုံးနေသည်ဟု ဒေသခံ တောင်သူတို့က ပြောသည်။
“အိမ်ခြေ ၁,၀၀၀ ကျော်ရှိရာက ၆၀၀ ခန့်ပြောင်းရွှေ့ရတယ်။ အခုလက်ရှိအနေအထားအရ အိမ်ခြေ ၂၀၀ ခန့်ထပ်ရွှေ့ပြောင်းရမယ်လို့ ခန့်မှန်းရတယ်။ ပြီးခဲ့တဲ့ လေးနှစ်လောက်ကစပြီး နှစ်စဉ်နှစ်တိုင်း ကမ်းပါးပြို တာပိုဆိုးလာပြီး ပျက်စီးဆုံးရှုံးမှုလည်းများလာတယ်။ လုပ်စားစရာမြေလည်း မရှိကြတော့ဘူး။ အကူအညီပေးမယ့် အဖွဲ့အစည်းတွေလည်း ခုထိမလာကြသေးဘူး”ဟု ဒေသခံတောင်သူ ဦးတင်ထွန်းအေးက ပြောပြသည်။
ဆင်မကျွန်းအုပ်စုချင်းပြစ်ကျေးရွာမှ သာသနာ့အောင်မြေဘုန်းတော်ကြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဒီပကလည်း “ဘုန်းကြီးကျောင်းလည်း ရွှေ့ပြောင်းရတော့မှာပါ။ ဒီနှစ်လည်း ကမ်းပါးနဲ့ ပေ ၆၀ ပဲလို တော့တယ်။ လူနေအိမ်တွေကတော့ ကမ်းပါး နဲ့ ပေ၂၀ကျော် နီးကပ်နေပြီ။ အခုအချိန်အထိ ဘယ်လူမှုရေး အဖွဲ့အစည်း တွေကမှလာရောက်ကူညီပ့ံပိုးတာမရှိ သေးဘူး။ သက်ဆိုင်ရာတာဝန်ရှိသူ တွေအနေနဲ့လည်း လာရောက်လေ့လာ ကူညီစေချင်ပါတယ်”ဟု မိန့်သည်။
ကျောင်းထိုင်ဆရာတော်က ၁၉၅၈ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ ကမ်းပြိုမှုကြောင့် ဘုန်းတော်ကြီးကျောင်းမှာ ရှစ်ကြိမ်ပြောင်းရွှေ့ခဲ့ရပြီး ချင်းပြစ်ရွာ မူလတန်းကျောင်းသည် ငါးကြိမ် ပြောင်းရွှေ့ခဲ့ရသည်ဟု ဆိုသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အဆိုပါဒေသအတွင်း အစိုးရက ရေထိန်းတမံများ ဆောက်လုပ်ပေးခဲ့ သော်လည်း ရေစီးကြမ်းမှုကြောင့် အချီးအနှီးသာဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။