တရုတ်နိုင်ငံသို့ တရားမဝင်အလုပ်လုပ်ရန် သွားရောက်ခဲ့သော မြန်မာအလုပ်သမားများကို လုပ်ငန်းခွင်အတွင်း ရိုက်နှက်နှိပ်စက်ခြင်း၊ လစာငွေအပြည့်အဝ မပေးခြင်းတို့အပါအဝင် အလုပ်ပျက်ပါက လုပ်ငန်းရှင်က လူငှား၍ ရိုက်နှက် နှိပ်စက်ခြင်းများ ရှိခဲ့သည်ဟု တရုတ်သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူများက ပြောသည်။
“ပွဲစားက ပြောတာတော့ တရားဝင်သွားတာလို့ ပြောတယ်။ ဟိုရောက်မှသိတာက ကျွန်တော်တို့ အညာခံရပြီဆိုတာ သိရတယ်။ အလုပ်မှာ ခွင့်ယူလို့လည်း မရဘူး။ ခွင့်ယူရင် ထမင်းမကျွေးတော့ဘူး။ အဆိုးဆုံးကတော့ လူမိုက်တွေခေါ်ပြီး ရိုက်တာတွေရှိတယ်။ ဒါကြောင့် ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာ။ ပြန်ချင်ပေမဲ့ မပြန်နိုင်တဲ့ မြန်မာအလုပ်သမားတွေ ရှိနေသေးတယ်”ဟု တရုတ်နိုင်ငံ Chendai မြို့တွင် အထည်ချုပ်လုပ်ငန်းကို သွားရောက် လုပ်ကိုင်ခဲ့သော ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်မှ ကိုသန်းလင်းအောင်က မဇ္ဈိမကို ပြောသည်။
၎င်းသည် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားခ ကျပ်တစ်သိန်းပေးဆောင်ခဲ့ရသည်။ ပွဲစားက တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက လစာတစ်လလျှင် မြန်မာငွေကျပ် နှစ်သိန်းရမည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင် တစ်သိန်းခွဲသာရခဲ့ကြောင်း ပြောသည်။
တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားများသည် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ၀ါးခယ်မမြို့နယ်၊ မြောင်းမြမြို့နယ်နှင့် နေပြည်တော်မှ သွားရောက်လုပ်ကိုင်ကြသော အလုပ်သမားများ ဖြစ်သည်ဟု ပန်းတနော်မြို့နယ်မှ သွားရောက်လုပ်ကိုင်သော ကိုရဲရင့်အောင်က ပြောသည်။
၎င်းတို့ နှစ်ဦးနှင့် တရုတ်နိုင်ငံတွင် တရားမဝင် အလုပ်သွားလုပ်ခဲ့သော အခြား လူ ၄၀ ဦးကို ဇူလိုင်လ ၁၃ ရက်က နိုင်ငံတကာ အလုပ်သမားများအဖွဲ ILO နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ခေါ်ယူခဲ့သည်။
နိုင်ငံခြားသို့ တရားမဝင်သွားရောက် လုပ်ကိုင်ကြသော အလုပ်သမားများအား ILO က ပြန်လည်ခေါ်ဆောင် ပေးရန် လက်ရှိအချိန်တွင် အစီအစဉ်မရှိသေးဘဲ အလုပ်သမားများ လုပ်ခလစာ အပြည့်မရခြင်း၊ နှိပ်စက်ခံရခြင်းတို့ကို နှစ်နိုင်ငံအစိုးရ သိရှိရန် အသိပေးတိုက်တွန်းသွားမည်ဟု ILOက ဆိုသည်။