အပစ်ရပ်မူကြမ်း သဘောကွဲပါက ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဆုံးဖြတ်မည်

အပစ်ရပ်မူကြမ်း သဘောကွဲပါက ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဆုံးဖြတ်မည်
by -
မဇ္စျိမ

တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အစိုးရနှင့်ညှိနှိုင်းမည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်းအပေါ် သဘောကွဲမှုရှိပါက ဆုံးဖြတ်မည့် ဦးဆောင်ကော်မတီကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆုံးဖြတ်ရန် ဇူလိုင် ၂၄ရက်က လိုင်ဇာတွင် သဘောတူလိုက်ကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များထဲမှ ကိုယ်စားပြုတစ်ဦး စီဖြင့်ဖွဲ့စည်းထားသောကော်မတီတွင် ကေအိုင်အေစစ် ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဂမ်းဆောင်က ဒုတိယဥက္ကဋ္ဌ၊ ကယန်းအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ခူဦးရယ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူရန် လိုင်ဇာဟို တယ်တွင် ခုနစ်နာရီကျော်ကြာ ဆွေးနွေးအပြီး ဆုံးဖြတ်ခြင်းဖြစ်သည်။

“လိပ်ခဲတည်းလဲဖြစ်နေတဲ့ဟာတွေကို ကျော်လွှားဖို့ အမြင်တွေကွဲမယ်ဆိုလို့ရှိရင် ဦးဆောင်ကော်မတီက ဆုံးဖြတ်သွားမှာဖြစ်တယ်”ဟု အစည်းအဝေးတက်ရောက်ခဲ့သည့်  NCCT အဖွဲ့ဝင်ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

အမြင်ကွဲလွှဲမှုရှိပါကဦးဆောင်ကော်မတီက မည်ကဲ့သို့ဆုံးဖြတ်သွားမည်ကို အစည်းအဝေးတွင် ချမှတ်ခဲ့ပါသ လဲဟုမီဒီယာများ၏ မေးမြန်းမှုကိုမူ “method (နည်းလမ်း) တစ်ခုအနေနဲ့တော့ချထားတာမရှိပါဘူး”ဟု ၎င်း က ပြောသည်။

အဆိုပါဦးဆောင်ကော်မတီတွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုးမှာ ဇွန်လအတွင်း နေပြည်တော်တွင် သမ္မတဦးသိန်းစိန် အပါအဝင်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင် လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေး စဉ်က သြဂုတ်လတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် သဘောတူထား သည်။

တိုင်းရင်းသားခေါင်းဆောင်များ၏ တတိယအကြိမ် ထိပ်သီးအစည်းအဝေးကို  ကေအိုင်အေဌာနချုပ်ရှိရာက ချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဇူလိုင် ၂၄ ရက်က ကျင်းပရန် ကနဦးကလျာထားသော်လည်း ဦးဆောင်ကော် မတီကိုရွေးချယ်ခဲ့ရသည့်အတွက် ဇူလိုင် ၂၅ ရက်မှသာ စတင်ဆွေး နွေးနိုင်တော့မည် ဖြစ်သည်။

“ဦးဆောင်ကော်မတီကအစည်အဝေးကိုကြီးကြပ်မယ်၊ကွပ်ကဲမယ်၊နိုင်ငံရေးအရဦးဆောင်မယ်၊ အစကောင်း မှအနှောင်းသေချာမှာဖြစ်တဲ့အတွက် ဒီနေ့အချိန်ယူလိုက်တာပါ”ဟု ဦးဆောင်ကော်မတီဖွဲ့ရန် အစည်းအ ဝေးတက်ရောက်သူတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCCT အဖွဲ့တွင် ပါ၀င်သည့် တိုင်းရင်းသားခေါင်းဆောင်များ၏ အစည်းအဝေး တွင်NCCT ၏ လုပ်ငန်း စဉ်များကိုတင်ပြခြင်း၊ အပစ်ရပ်မူကြမ်းကို လက်ခံအတည်ပြု နိုင်ရေးဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များ ချမှတ်ခြင်းတို့ ပါ၀င်မည်ဖြစ်ပြီး ဇူလိုင် ၂၅နှင့် ၂၆ရက်တွင် ကျင်းပမည် ဖြစ်သည်။

ထို့နောက် အဆိုပါ အပစ်ရပ်မူကြမ်းကိုပင် NCCT  အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့များ ဖြင့် ဇူလိုင် ၂၇ နှင့် ၂၈ တို့တွင်ဆွေးနွေးရန်လျာထားသည်။ အပြီးသတ်ရက်များအတွင်း ပြုလုပ်မည့် အစည်းအဝေးများတွင်NCCT ၌ မပါ၀င်သည့် “၀”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ၊ ရှမ်းအထူး ဒေသ(၄)မိုင်းလား လက်နက်ကိုင်အဖွဲ့၊ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့ တက်မတက် မသေချာသေးပေ။

ယခုအစည်းအဝေးသည် တတိအကြိမ်ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် တိုင်းရင်းသားခေါင်းဆောင် များ၏ ထိပ်သီးအစည်းအဝေးကိုကချင်ပြည်နယ်၊ လိုင်ဇာနှင့်ကရင်ပြည်နယ်၊လော်ခီးလာတွင် ကျင်းပခဲ့သေး သည်။