ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူငယ်များအားလုံးပါဝင်ရန် လိုအပ်သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တောင်ကြီးမြို့၊ ဘုံကျောင်းခန်းမတွင် ဇူလိုင်လ ၂၃ရက်က စတင်ကျင်းပသည့် လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။
"ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှင်းပြရုံနှင့် မပြီးသေးပါဘူး။ လူငယ်တွေ ပြည်သူလူထုတွေ ဘယ်လို အတိုင်းအတာနဲ့ ပါဝင်ဆောင်ရွက်မယ်ဆိုတာ စဉ်စားပါ။ ပါဝင်မှလည်း ငြိမ်းချမ်းရေး မြန်မြန်ရမှာ ဖြစ်တယ်" ဟု ဦးအောင်မင်းက ပြောသည်။
နောင်တစ်ချိန်တွင် လူငယ်များအား ပုခုံးပြောင်းတာဝန်လွဲပေးရမည်ဖြစပြီး ၎င်းတို့အနေဖြင့်လည်းနိုင်ငံရေး အသိ၊ ငြိမ်းချမ်းရေး အသိ ရှိနေစေရန် ယခုကဲ့သို့ ဖိုရမ်ပြုလုပ်ပေးနေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
တောင်ကြီးနည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မောင်နေလင်းက "လူငယ်တွေ အနေနဲ့လည်း ငြိမ်ချမ်းရေးဖြစ်စဉ်ကို အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားသင့် သလို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိရှိနားလည်ဖို့ ဖိုရမ်ပြီးတဲ့အထိ တက်ရောက်သွားပါမယ်"ဟု ပြောသည်။
လူငယ်နှင့် ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲ ဖိုရမ်အား ဇူလိုင် ၂၃ရက်မှ ၂၇ရက် အထိ တောင်ကြီးမြို့တွင် ကျင်းပနေပြီး ပါတီများ၊ ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်း သားများ ပါဝင်သည့် လူငယ် ၃ဝဝကျော် တက်ရောက်လျက်ရှိသည်။