သျှမ်း/မြောက်တွင် တအာင်း တပ်မတော်နှင့် အစိုးရ စစ်တပ် တိုက်ပွဲဖြစ် ရွာသား ၂ ဦးသေ

သျှမ်း/မြောက်တွင် တအာင်း တပ်မတော်နှင့် အစိုးရ စစ်တပ် တိုက်ပွဲဖြစ် ရွာသား ၂ ဦးသေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် တအာင်း အမျိုးသား လွတ်လပ်မြောက် ရေး တပ်မတော် TNLA တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားရာ ဒေသခံ ရွာသား နှစ်ဦး သေဆုံး ခဲ့ကြောင်း ဒေသတွင်း သတင်း ရပ်ကွက်က ဆိုသည်။

“နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု မန်းပူးရွာမှာ မူးယစ်ဆေးဝါးလိုက်လံတိုက်ဖျက်နေတဲ့ TNLA တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံတပ်ရင်းတွေ တိုက်ခိုက်ကြတာ။ တိုက်ပွဲပြင်းထန်တယ်။ ရွာသား ၂ ယောက်သေတယ်။ နှစ်ဘက်တပ်လဲ အကျအဆုံးများတယ်။ ကျွဲနွားတွေသေတယ်။ ဘုန်းကြီးကျောင်းတွေ အိမ်တွေ လယ်ယာ မြေတွေ ကျည်ဆန်ထိမှန်တာ အပျက်အစီးတော်တော်များတယ်” - ဟု ဒေသခံ အိုက်ယီ့က ပြောသည်။

ဂျူလိုင်လ ၂၀ ရက်နေ့ညနေပိုင်းက မန်းပူးရွာတွင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ကြပြီး ဂျူလိုင်လ ၂၁ ရက်မနက်ပိုင်း တခြားရွာသို့ပါ တိုက်ပွဲကူးစက်သွားသဖြင့် မြို့ပေါ်သို့ စစ်ဘေးရှောင် ၁၀ဝ ကျော်ရောက်ရှိ နေကြောင်း နမ့်ခမ်းမြို့ခံ စိုင်းခမ်းက ပြောသည်။

 အဆိုပါတိုက်ပွဲတွင် မြန်မာ့တပ်မတော်သား ၂၁ ယောက်သေဆုံးပြီး တအာင်းတပ်သား ၈ ယောက် ကျဆုံး ကြောင်း ကျေးလက်အကြီးအကဲများကပြောဆိုသည်။ သို့သော်သျှမ်းသံတော်ဆင့်အနေဖြင့်သီးခြားအတည်ပြု ချက်မရရှိသေးပေ။

နမ့်ခမ်းမြို့နယ်တွင် တပ်ပေါင်းစု အမည်ရ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ သျှမ်းပြည်တပ်မတော် SSPP SSA ၊ ပလောင် ခေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ပူးတွဲလှုပ်ရှားသည်။ KIA ကချင်တပ်မတော်နှင့်  TNLA  တအာင်းတပ်မတော်တို့သည်  အစိုးရနှင့် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သော် လည်း အပစ်ရပ်သဘောတူလက်မှတ် ရေးထိုးနိုင်ခြင်းမရှိသေးပေ။

Most read this week