မော်လမြိုင်မြို့ပေါ်တွင် အစိုးရရုံးများနှင့် အခြားသောအစိုးရနှင့် ပူတွဲထားသည့်ရုံးများကလွဲ၍ တစ်မြို့လုံးအနှံ မီးပျက်နေသည်မှာ တစ်ပတ်လောက်ရှိနေပြီးဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။
“အခုမီးမလာတာ တစ်ပတ်လောက်ရှိနေပြီ၊ တစ်မြို့လုံးကလည်း မီးစက်သံပဲ ကြားနေရတယ်၊ လွန်ခဲ့တဲ့တစ်ပတ်လောက်က မီးလာတယ်၊ ဒါပေမယ့် ရပ်ကွက်အလိုက်ပေါ့လေ၊ အခုဟာက လုံးဝမလာဘူးလို့လဲ ပြောလို့ရတယ် ၁ဝ မီးနစ် ၁၅ မီးနစ် အများဆုံးပဲ မှိတ်တုတ်မှိတ်တုတ်နဲ့” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောပြသည်။
မတ်လဆန်းပိုင်းက ကျောင်းသားများ မီးရရှိရန်အတွက် ဆန္ဒပြပြီး နောက်တစ်နေ့မှာပင် တစ်မြို့လုံး မီးလင်းလာပြီး လွန်ခဲ့သည့် တစ်ပတ်မတိုင်ခင်ကပင် မီးပုံမှန် ပြန်ပျက်သွားသည်။
တက္ကသိုလ်ကျောင်းသားတစ်ဦးကလည်း “မီးလုံးဝမလာတဲ့အတွက် မီးနဲ့အလုပ်လုပ်သူတွေအတွက်တော့ အဆင်မပြေဘူး၊ မီးစက်နှိုးတော့လည်း တွက်ခြေမကိုက်ဘူးဖြစ်နေကြတယ်၊ ကျနော်တောင် မီးလာလို့ ကွန်ပျူတာဖွင့်တယ်၊ ကွန်ပျူတာတောင် မတက်သေဘူး မီးက ပြန်ကျသွားတယ်၊ စောင့်ရင်း စောင့်ရင်းနဲ့ ပြန်ရတဲ့ထိ မီးက ပြန်မလာဘူး” ဟု သူ၏ အတွေ့အကြံုကို ပြောပြသွားသည်။
အစိုးရရုံးများနှင့် မြို့ပေါ်ရှိ အခြားသော တိုင်းရင်းသားအဖွဲ့အစည်းများ (ဥပမာ မွန်ပြည်သစ်ပါတီရုံး) များ၌သာ အချိန်ပြည့် မီးလာလေ့ရှိသည်။
အရင်တုန်းက မော်လမြိုင်မြို့တွင် တစ်နေ့လျင် တစ်ရပ်ကွက်စီဖြင့် မီးပုံမှန်ပေးလေ့ရှိသည်။ ယခုနောက်ပိုင်း တစ်မြို့လုံးကို တစ်ပြိုင်နက်ပေးလိိုက်သည့်အတွက် မီးမလာတော့ပေ။
ကွန်ပျူတာဆိုင်ရှင်တစ်ဦးကလည်းး “မီးမလာလို့ မီးစက်ဖွင့်ထားတာ တစ်နေကုန်ပိတ်စရာတောင် မလိုတော့ဘူး၊ ဆိုင်ပိတ်လိုက်ဖို့ကလည်း မလွယ်ဘူးလေ၊ တွက်ခြေမကိုက်ပေမယ့်လဲ ဒီလိုပဲ မှေးပြီး လုပ်သွားရတာပေါ့” ဟု ပြောသည်။
မော်မြိုင်မြို့တစ်မြို့ထဲသာမက မုဒုံမြို့နှင့် ၄င်းဒေသတဝိုက်ရှိ လျပ်စစ်မီးရယူထားသည့် ကျေးရွာများတွင်လည်း ၂ဝဝ၈ ခုနှစ်နှောင်းပိုင်းကတည်းက မီးပုံမှန်မလာတော့ပေ။ မုဒုံမြို့တွင်မူ ၁ဝ ရက်မှ တစ်တရက်သာ လာလေ့ရှိပြီး လာလျှင်လည်း တစ်နာရီ နှစ်နာရီခန့်သာ လာလေ့ရှိကြောင်းနှင့် မီးမလာသော်လည်းပဲ မီတာထိန်းသိမ်းခ တစ်လလျှင် ၅ဝဝ ကျပ် ပုံမှန်ပေးဆောင်နေရသည်ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။