တရားခံဖြစ်မည်စိုး၍ လွှတ်တော်၏ ပီအာရ် အစည်းအဝေး ကော်မရှင်မတက်တော့

တရားခံဖြစ်မည်စိုး၍ လွှတ်တော်၏ ပီအာရ် အစည်းအဝေး ကော်မရှင်မတက်တော့
by -
မဇ္စျိမ

တရားခံဖြစ်မည်စိုး၍ ပီအာရ်ပြောင်းလဲကျင့်သုံးရန် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနေသည့် ဆွေးနွေးပွဲများကို လေ့လာသူအဖြစ်ပင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတက်တော့ဟု ဥက္ကဋ္ဌ ဦးတင်အေးက ဇူလိုင် ၂၀တွင်မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျခြင်းအတွက် နယ်ပယ်စုံမှ ပါ၀င်နေကြသော အဖွဲ့အစည်းများ ညီလာခံတွင်ပြောခြင်းဖြစ်သည်။

ဦးတင်အေးက “လွှတ်တော်က ပီအာရ် နဲ့ပတ်သက်တဲ့ ဥပဒေကြမ်းကို သူတို့ဘာသာ သူတို့ ရေးဆွဲနေတယ်။ ပြီးရင်တော့ ကော်မရှင်ကို ပေးလိမ့်မယ်။

အဲ့ဒီ့အခါကျရင် ကော်မရှင်က စျေးဆစ်မှာပါ၊ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး စျေးဆစ်မှာ။ အခုကတော့ ကျွန်တော်တို့က လေ့လာသူအနေနဲ့ပဲ ပါ ပါတယ်။ လာမယ့်အပတ်ထဲမှာ လေ့လာသူအနေနဲ့တောင် မသွားနဲ့တော့လို့ ပြောလိုက်မယ်” ဟုပြောသည်။

ထိုသို့လေ့လာသူအဖြစ်ပင် မတက်ရောက်တော့ကြောင်းကိုလည်း အမျိုးသားလွှတ်တော်သို့ ပြောမည်ဟု ဆိုသည်။အကြောင်းမှာ ရွေးကောက်ပွဲစနစ်ပြောင်းရန် လွယ်ကူသည့် အခြေအနေမျိုးကို ဖန်တီးပေးရန်လို နေပြီး ပြင်ဆင်ချိန်လုံလောက်ရန်လည်း လိုသည်ဟု ဦးတင်အေးကပြောသည်။

သို့မဟုတ်ပါက အခက်အခဲများ မမျှတမှုများ ပေါ်ပေါက်လာနိုင်သည်ဟု ၎င်းက ဆိုသည်။ သို့သော် ဆုံးဖြတ်ခွင့်ရှိသည့် လွှတ်တော်က အတည်ပြုလိုက်ပါက ကော်မရှင်သည် မည်သို့မျှတတ်နိုင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။

ပီအာစနစ်ပြောင်းရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက အဆိုတင်သွင်းခဲ့ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထောက်ခံခဲ့သည်။ အကြီးဆုံးအတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမူ အချိန်အခါမသင့်ဟုဆို၍ ကန့်ကွက်ထားသည်။

ထို့ပြင်တိုင်းရင်းသားပါတီတို့က ဆန္ဒပြရန် စီစဉ်သည်အထိပင် သဘောမတူကြောင်း ပြသထားသည်။ လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်တစ်ခုတွင် မဲအများဆုံးရသူတစ်ဦးတည်း အမတ်ဖြစ်ခွင့်ရှိသည့် စနစ်မှ ရရှိသည့် မဲအရေအတွက် ရာခိုင်နှုန်းအချိုးဖြင့် ကိုယ်စားပြုခွင့်ရမည့် ပီအာရ်စနစ်ကို အမျိုးသား လွှတ်တော် ရွေးကောက်ပွဲများတွင် ပြောင်းသုံးရန် လွှတ်တော်တွင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။

Most read this week