ကြားဖြတ် ရာနှုန်းပြည့်အနိုင်ရရှိရေး ပါတီကြီးနှစ်ခု ကြိုးပမ်းဆောင်ရွက်မည်

ကြားဖြတ် ရာနှုန်းပြည့်အနိုင်ရရှိရေး ပါတီကြီးနှစ်ခု ကြိုးပမ်းဆောင်ရွက်မည်
by -
မဇ္စျိမ

၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်အနိုင်ရရှိရေး ပြင်ဆင်နေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့မှ တာဝန်ရှိသူတို့က မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က “ကျွန်တော်တို့လာမယ့် ကြားဖြတ်ကိုလည်း ပြီးခဲ့တဲ့ ၂၀၁၂ တုန်းက ရလဒ်လိုပဲ ရမယ်လို့ထင်ပါတယ်။ အောင်နိုင်ရေးအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းအောင်နိုင်ရေးအဖွဲ့ ဖွဲ့ဖို့အတွက် ဆွေးနွေးပြီးသွားပြီ”ဟု ဆိုသည်။

NLD သည် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်နှင့်တိုင်းတို့ကို ညွှန်ကြားထားပြီး တင်ပြလာသည့် ကိုယ်စားလှယ်များကို ပါတီဝင်မဟုတ်သည့် ပြင်ပပညာရှင်များနှင့် စိစစ်ကာ
ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များက နောက်ဆုံးရွေးချယ် ဆုံးဖြတ်သွားမည်ဟုဦးဝင်းမြင့်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီကလည်း လာမည့်၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ်များအတွင်းရှိ ကြားဖြတ်နေရာအားလုံးရာနှုန်းပြည့်အောင်နိုင်ရန် ပြင်ဆင်နေသည်ဟု ပါတီဗဟိုကော်မတီဝင်လည်းဖြစ်သူ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ပြောသည်။

“ပြည်သူ့ပါတီအဖြစ်နဲ့ ရပ်တည်သွားနိုင်ဖို့အတွက်လည်း လုပ်နေကြတယ်”ဟု ဦးသာဝင်းက ပြောသည်။

လက်ရှိ လစ်လပ်မဲဆန္ဒနယ်များသည် ကချင်ပြည်နယ်မြို့နယ်အချို့တွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်အတွင်း မပြုလုပ်နိုင်ခဲ့ခြင်း၊ အချို့ တိုင်းနှင့်ပြည်နယ်များမှ အမတ်များသည်
အစိုးရအရာရှိများဖြစ်သွားခြင်း၊ သေဆုံးမှုရှိခြင်းတို့ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၃ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခြောက်နေရာနှင့် တိုင်းနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၄ နေရာတို့စုစု ပေါင်း ၃၃ နေရာ လစ်လပ်နေ ခြင်းဖြစ်သည်။

အနီးဆုံးဖြစ်သည့်၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် လစ်လပ် ၄၅ နေရာ၌NLD က ၄၃ နေရာ အနိုင်ရ၍ ပြည်ခိုင်ဖြိုးက တစ်နေရာသာ နိုင်ခဲ့သည်။