မြောက်ကိုရီးယားသို့ လေ့လာရန် မြန်မာသတင်းသမားများကို ဖိတ်ခေါ်

မြောက်ကိုရီးယားသို့ လေ့လာရန် မြန်မာသတင်းသမားများကို ဖိတ်ခေါ်
by -
မဇ္စျိမ

မြောက်ကိုရီးယားနိုင်ငံရှိ စာနယ်ဇင်းများနှင့် ပြည်သူများအကြောင်း လေ့လာရန် မြန်မာသတင်းသမားများကို မြောက်ကိုရီးယား သံအမတ်ကြီးက ဖိတ်ခေါ်ခဲ့သည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ)၏ အဖွဲ့ဝင် ဦးမြင့်ကျော်က မဇ္ဈိမကို ဇူလိုင် ၁၆ ရက်က ပြောကြားလိုက်သည်။

မြောက်ကိုရီးယား သံအမတ်ကြီး ဦးဆောင်သည့် အဖွဲ့က စာနယ်ဇင်းကောင်စီကို လာရောက်မိတ်ဆက်ကာ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၆ ရက်၊ ညနေ ၃ နာရီတွင် ဗဟန်းမြို့နယ်၊ ယုဇနတာဝါရှိ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရုံးသို့ မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Chol (Ambassador E&P of DPR Korea to the Republic of the Union of Myanmar)၊ တတိယအတွင်းဝန် Kang Hyon Chol (3rd secretary embassy of DPR Korea)တို့ ဦးဆောင်သည့် အဖွဲ့က လာရောက်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုအတွက် ဇူလိုင် ၁၅ ရက်ကပင် မြောက်ကိုရီးယားသံအမတ်အဖွဲ့က ကြိုတင်အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့အစည်းပေါ်ပေါက်လာပုံကို လာရောက် လေ့လာခြင်း ဖြစ်သည်။

စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးမြင့်ကျော်က“စာနယ်ဇင်းကောင်စီကို လာမိတ်ဆက်တာ။ သူ့တို့နိုင်ငံမှာ သတင်းစာဆရာသမဂ္ဂတွ ရှိတယ်။ အဲ့လိုအဖွဲ့စည်းတွေကို မြန်မာစာနယ်ဇင်းတွေက စိတ်ဝင်စားမယ်၊ လေ့လာချင်တယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံကို ဖိတ်ခေါ်မယ်ဆိုတာမျိုး ဆွေးနွေးသွားတယ်”ဟု ပြောသည်။

မြောက်ကိုရီးယား သံအမတ်ကြီးအဖွဲ့က ဖိတ်ခေါ်မှုကို အကြောင်းပြန်ကြားခြင်း မပြုလုပ်သေးဘဲ စာနယ်ဇင်းကောင်စီ(ယာယီ)က သတင်းသမားများကို မြောက်ကိုရီးယားသို့ စေလွှတ်ရေးကို ဆွေးနွေးမှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။

လက်ရှိမြောက်ကိုရီးယားနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ပြင်သစ်အခြေစိုက်နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ ၂၀၁၄ ခုနှစ်၊ စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်း၌ မြောက်ကိုရီးယားနိုင်ငံသည် အဆင့် ၁၇၉ ဖြင့် ဒုတိယ အဆိုးရွားဆုံးသော နိုင်ငံတစ်နိုင်ငံအဖြစ် ဖော်ပြခြင်းခံထားရသည်။

ထို့အတူ အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော Freedom House ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင်လည်း မြောက်ကိုရီးယားနိုင်ငံကို စာနယ်ဇင်းလောကအပေါ် အဖိနှိပ်ဆုံးသော နိုင်ငံတစ်နိုင်ငံ အဖြစ် ဖော်ပြထားသည်။

Most read this week