မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ(ပြင်ဦးလွင်)က ဦးဆောင်၍ ၆၇ နှစ် မြောက်အာဇာနည်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ဗိုလ်ချုပ်ကျောက်တိုင်သို့ အင်အား ၅၀၀ ဖြင့် ချီတက်အလေးပြုခွင့်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ကျင်းပခွင့်မပြုကြောင်း ဦးဆောင်သူလေးဦးကို ဆင့်ခေါ်၍ အသိပေးခဲ့သည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ မစုစုနွေးက မဇ္ဈိမကို ပြောသည်။
“ဒီလို ငြင်းတာကို လက်မခံပါဘူး။ ဆန္ဒပြဖို့ စာတင်တာမဟုတ်ဘူး။ နိုင်ငံတော်ရဲ့ကျေးဇူးရှင်ကြီးတွေကို ဂါရဝပြုချီတက် အလေးပြုတဲ့ပွဲပါ။ ဒါကိုခွင့်မပြုဘူးဆိုတာ နားမလည်ဘူး”ဟု မစုစုနွေးက ပြောသည်။
အာဇာနည်နေ့တွင် ချီတက်အလေးပြု ခွင့်ရရှိရန်အတွက် ဇူလိုင်လ ၁၁ ရက်တွင် သက်ဆိုင်ရာ အဆင့်ဆင့် သို့ စာတင်အကြောင်းကြားခဲ့ရာ ဇူလိုင်လ ၁၅ ရက်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ကျင်းပခွင့်ကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ကျောက်တိုင်သည် အာဇာနည်ကုန်းမဟုတ်၍ ခွင့်မပြုနိုင်ကြောင်းနှင့် ချီတက်အလေးပြုရာတွင် ငါးဦးထက်ပို၍ချီတက်အလေးပြု ခွင့်မပြုကြောင်း၊ ထို့ပြင် လူစုလူဝေးဖြင့် ချီတက် အလေးပြုမည်ဖြစ်သောကြောင့် ခွင့်မပြုနိုင်ကြောင်း ဦးဆောင်သူများကို ခေါ်ယူပြောဆိုခဲ့သည်ဟုဆိုသည်။
အာဏာပိုင်က ချီတက်အလေးပြုခွင့်မပြုသော်လည်း အာဇာနည်နေ့တွင် မူလအစီအစဉ်အတိုင်း အင်အား ၅၀၀ ဖြင့် ချီတက်အလေးပြုသွားမည်ဟု မစုစုနွေးက ဆိုသည်။
အာဇာနည်နေ့တွင် ချီတက်အလေးပြုရန်အတွက် ပြင်ဦးမြို့နယ် ပွဲကောက်ကျေးရွာရှိ တောင်သူလယ်သမား သမဂ္ဂရုံးခန်းမှ ပြင်ဦးလွင် လားရှိုးလမ်းမရပ်ကွက်ကြီး ၂ ရှိ ဗိုလ်ချုပ်ကျောက်တိုင်သို့ ချီတက်အလေးပြုသွား မည်ဖြစ်သည်ဟုဆိုသည်။
ယင်းကဲ့သို့အလေးပြုရန်ချီတက်ရာတွင် အာဇာနည်ကိုးဦး၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ဗိုလ်ချုပ် ကျောက်တိုင်တွင် လွမ်းသူ့ပန်းခွေများချသွားမည်ဟုဆိုသည်။ ယင်းနေ့ နံနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်သည်။