မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ထောက်ခံကြောင်း အမေရိကန်၊ တရုတ်၊ အိန္ဒိယသံအမတ်များ အတူပြော

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ထောက်ခံကြောင်း အမေရိကန်၊ တရုတ်၊ အိန္ဒိယသံအမတ်များ အတူပြော
by -
မဇ္စျိမ

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၊ တရုတ်၊ အိန္ဒိယသံအမတ်များက ဇူလိုင် ၁၅ ရက် တွင် A Friendly Diplomatic Encounter အမည်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်။

အဆိုပါ သုံးနိုင်ငံသံအမတ်များက ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့သည်ဟု ဆွေးနွေးပွဲစီစဉ်ဆောင်ရွက်သူ၊ အငြိမ်းစား မြန်မာသံတမန်တစ်ဦးဖြစ်သူ ဦးဒန်ဇေးအေ ဘယ်လ်က မဇ္ဈိမကိုပြောသည်။ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး ၎င်းတို့၏သဘောထားကို မေးမြန်းရာ ထောက်ခံသည်ဟု ပြောကြားခြင်းဖြစ်သည်။

A-Friendly-Diplomatic-Encounter

၎င်းက “သူတို့က ပြောတာက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေက မဖြစ်မနေလုပ်ရမယ်။ ဆက်သွားရမယ်။ အဲဒီမှာအမေရိကန် သံအမတ်၊ အိန္ဒိယ သံအမတ်နဲ့ တရုတ်သံအမတ် သုံးဦးစလုံး ပြောတာက သူတို့က ထောက်ခံတယ်။ တတ်နိုင်သလောက် သူတို့က ထောက်ပံ့ကူညီပေးမယ်လို့ ပြောတယ်”ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ပြည်တွင်းက အဓိကလုပ်ဆောင်ရမည်ဖြစ်ပြီး ၎င်းတို့က တတ်နိုင်သလောက် ကူညီပေးမည်ဟု
ဆိုခဲ့ကြောင်းလည်း ဦးဒန်ဇေးအေဘယ်လ်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ် Mr. Yang Huolan ကလည်း မြန်မာနှင့် တရုတ်သည် ယခင်ကပင် ရင်းနှီးခဲ့သည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို လိုလားကြောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Mr.Gautam Mukhopadhaya ကလည်းယင်းကဲ့သို့ပင် ဆိုခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသည် သမ္မတဦးသိန်းစိန်အစိုးရသစ်တက်လာပြီးစ အချိန်တွင် ပြောင်းလဲမှု ပိုမိုမြန်ဆန်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် အနည်းငယ် နှောင့်နှေးနေသည်ဟုလည်း အမေရိကန်သံ အမတ်က မှတ်ချက်ပြုခဲ့သည်ဟု အဆိုပါဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၏ အကြံပေးပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သော Myanmar Institute of Strategic and International Studies (Myanmar ISIS) ၏ ဥက္ကဋ္ဌ၊ အငြိမ်းစား မြန်မာသံအမတ် ဦးညွန့်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် အိန္ဒိယ-တရုတ် ဆက်ဆံရေး၊ တရုတ်-အမေရိကန် ဆက်ဆံရေး၊ အိန္ဒိယ-အမေရိကန်ဆက်ဆံ ရေးစသည် တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများတွင် အစိုးရသက်တမ်း ကျန်ရှိသည့် နှစ်အတွင်း လာဘ်စားမှုတိုက်ဖျက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများတွင် အခက်အခဲ ရှိနိုင်သည်ဟု
ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါဆွေးနွေးပွဲကို Sky Net ရုပ်သံလိုင်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ သံအမတ်ကြီးများနှင့် ဆွေးနွေးပွဲကို ရုပ်သံလိုင်းတစ်လိုင်းအဖြစ် စီစဉ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆွေးနွေးပွဲ စီစဉ်ဆောင်ရွက်သူ Sky Net ရုပ်သံလိုင်း၏ အမှုဆောင်ထုတ်လုပ်သူ၊ အငြိမ်းစားမြန်မာ သံတမန်တစ်ဦးဖြစ်သူ ဦးသက်ဝင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါဆွေးနွေးမှုကို MNTV, MITV ESifh Up to date ရုပ်သံလိုင်းများတွင် ထုတ်လွှင့်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

Most read this week