ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မေလ အစောပိုင်းတွင် ပါတီများထံ ဖြန့်ဝေထားသည့် အမတ်လောင်းများ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်ကို ပြန်ပြင်တော့မည်မဟုတ်ဟု ဇူလိုင် ၁၄ ရက် တွင် မဇ္ဈိမကို အတည်ပြုသည်။
ထို့ကြောင့် ညွှန်ကြားချက်ပါမဲဆွယ်စည်းရုံးခွင့်အချိန် တစ်လ၊ ခွင့်ပြုချက်ယူရန်လိုအပ်လာမည့် စုဝေးဟော ပြောခြင်း၊ မီဒီယာမှတစ်ဆင့် ပြောဆိုခြင်း၊ သက်ဆိုင်ရာမဲဆန္ဒနယ်၏ အမတ်လောင်းမဟုတ်သူ ဟောပြောလို ပါက ကြိုတင်ခွင့်ပြုချက်ယူရန် လိုအပ်ခြင်းစသည့် အခြေအနေများဖြင့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက် ပွဲကာလအထိ ပါတီတို့ ရင်ဆိုင်ရတော့မည် ဖြစ်သည်။
“အခုတော့ ဒါကအတည်ပါပဲ၊ နောက် နှစ်နှစ်၊ သုံးနှစ်အချိန်တန်ရင်တော့ပြင်ချင်ပြင်ရမှာပေါ့”ဟု ဦးသောင်း လှိုင်ကဆိုသည်။ အဆိုပါ ညွှန်ကြားချက်အမှတ် ၁/ ၂၀၁၄ သည် ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ရေး ထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သဖြင့် အတည်ဟုပြောသည်။
ပါတီတို့ကမူ ယင်းညွှန်ကြားချက်နှင့်စပ်လျဉ်း၍ ပေးပို့ထားသောအကြံပြုချက်များကို ကော်မတီက အလေးမထားဟု ဝေဖန်သည်။ “ဒါတွေကိုမပြင်ဘူးဒီအတိုင်းပဲအတည်ဆိုရင်တော့ ကော်မရှင်ဥက္ကဋ္ဌပြောနေတဲ့ ၂၀၁၅ ဟာလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်ဆိုတာ လုံးဝဖြစ်မလာနိုင်ပါဘူး”ဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က“ညွှန်ကြားချက်မှာပါတဲ့ ခွင့်ပြုချက် ယူရမယ်ဆိုတာကိုက လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ထားတဲ့အတွက်ဖွဲ့ စည်းပုံနဲ့ မကိုက်ညီပါဘူး။ ပါတီကလည်း အဲဒီအတိုင်းပဲကော်မရှင်ကိုအကြံပြုထားပါတယ်”ဟု ဆိုသည်။
မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းကမူ ယင်းသို့အကြောင်းကြားခြင်း မရှိဘဲ အတည်ပြုလိုက်သည်ဆိုခြင်း ကို တုန့်ပြန်မည်ဟုဆိုသည်။ညွှန်ကြားချက်အရ ပါတီတို့သည် စုဝေးဟောပြောခြင်း၊ ယာဉ်များနှင့်လှည့် လည်ဟောပြောခြင်း၊ မီဒီယာများမှတစ်ဆင့် ဟောပြောစည်းရုံးခြင်းတို့ ဆောင်ရွက်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီးသည့် နေ့မှစ၍ ၁၅ ရက်အတွင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် ထံခွင့်ပြုချက်တောင်းရမည် ဖြစ်သည်။
ယင်းကို သက်ဆိုင်ရာကော်မရှင်များကကျင်းပမည့် နေ့မတိုင်မီ ရ၂ နာရီ ကြို တင်၍ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ပြင်ကော်မရှင်သည် အခြေအနေအရလိုအပ်သည်ဟု ယူဆပါက ခွင့်ပြုချက်တွင် ပါ၀င်သော သတ်မှတ်စည်းကမ်းချက်များကို ပြင်ဆင်ခြင်း၊ ရုပ်သိမ်းနိုင်ပြီး ပါတီများက သုံးရက်အတွင်း အယူခံဝင်ရမည် ဖြစ်သည်။
မူကြမ်းအရကိုယ်စားလှယ်လောင်းကိုယ်တိုင် သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် သို့မဟုတ် ကိုယ်စားလှယ်လောင်းက စာဖြင့် အခွင့်အာဏာလွှဲအပ်ခံရသူများသာ ဟောပြောခွင့်ရမည် ဖြစ်သည်။
“နေရာပေါင်း ၁၀၀ ကျော်လောက် ၀င်မယ်ဆိုလို့ရှိရင် ဘယ်ပါတီခေါင်းဆောင်တွေ နေရာအတော်များများ တရားဟောချင်တယ်ဆိုလို့ရှိရင် ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ဘူး”ဟု အမျိုးသားဒီမိုကရေစီအင်အား စုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ညွှန်ကြားချက်ဝေငှခဲ့စဉ် မေလကတည်းက ဝေဖန်ထားသည်။
ညွှန်ကြားချက်အသစ်အရ ဟောပြောခြင်း၊ ရိုက်ကူးထုတ်လွှင့်ခြင်းအပြင် ရေးသားပုံနှိပ်ဖြန့်ဝေခြင်းဆိုင်ရာတို့၌ နိုင်ငံတော်ကို အကြည်ညိုပျက်စေခြင်း၊ တပ်မတော်ပြိုကွဲရေး သို့မဟုတ် ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်ခြင်းများ ကျူးလွန်ပါက ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှု၊ တရားမဲ့ပြုကျင့်မှုအဖြစ် ပါတီတို့ကို အရေးယူမည်ဖြစ်သည်။