သျှမ်းပြည် တောင်ပိုင်း လွိုင်လင် ခရိုင် ကျေးသီးမြို့နယ် အတွင်း အစိုးရ တပ်မတော်နှင့် သျှမ်းပြည် တပ်မတော်အကြား စစ်ရေး တင်းမာ မှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ တိုးများ လာနေ ကြောင်း ဒေသ အတွင်း သတင်း ရပ်ကွက်က ပြောသည်။
ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ရွာသူရွာသား အိမ်ခြေ ၆၀ နီးပါး လူဦးရေ ၂၀၀ ခန့် ဝမ့်ဝပ်ဘုန်းကြီးကျောင်းတိုက်သို့ စစ်ဘေးရှောင် ရောက်ရှိလာကြသည်ဟု ဆိုသည်။
“အခုက တရက် နည်နည်းနဲ့ ရောက်လာကြတာ။ သက်ကြီးပိုင်း ၁၀၀ လောက်ရှိမယ်။ ကျန်တာတော့ ကလေးတွေချည်းဘဲ” - ဟု သွားရောက် ကူညီမှုပေး နေသည့် အမည်မဖေါ်လိုသူ တဦးက ပြောသည်။
စစ်ဘေးရှောင်သူများအတွက် ပြည်ခိုင်ဖြိုး၊ ကျားဖြူ၊ ကျားခေါင်း၊ သျှမ်းစာပေ ယဉ်ကျေးမှုတို့မှ ဆန်၊ ဆီ၊ ဆား ကြက်သွန် နှင့် အခြား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်ဟု ကျေးသီးရောက် စစ်ဘေးရှောင် မိသားစုဝင် တဦးကပြောသည်။
Tai Youth Network (သျှမ်းလူငယ်ကွန်ယက်အဖွဲ့) မှ စိုင်းအေး က - “စစ်ဘေးဒုက္ခသည်တွေ အတွက် ထောက်ပံ့ဖို့ သျှမ်းပြည်အတွင်း နဲ့ ရန်ကုန်၊ မန္တလေး၊ အပါအဝင် ချင်းမိုင် ဘက်ကော ပိုက်ဆံတွေ စုနေ တယ်။ ကျေးသီးဘက် သွားရောက်ထောက်ပံ့ဖို့ပါ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“အခု ဝမ့်ဝပ် ဘုန်းကြီးကျောင်းမှာ တနေရာတည်း စုနေတယ်လို့ ကြားရတော့ သွားရောက် ကူညီရတာ လွယ်တယ်လေ။ တောတောင်အတွင်း ပုန်းအောင်းနေရင် ဘာမှ မလုပ်နိုင်ဘူး။ ဒါပေမယ့် အခု ဝမ့်ဝပ် ကျောင်းထိုင် ဆရာတော်ကို စကားပြောစက်ရှိတယ်လို့ စွပ်စွဲပြီးသွားစစ်ဆေးနေတယ်ကြားတယ်။ ဒါက အကြောင်းမရှိ အကြောင်းရှာတာ။ ဒီကိစ္စကျနော်တို့ ဆက်စုံစမ်းနေတယ်၊ အသေးစိတ်သိရင် လွှတ်တော် အမတ်တွေကနေတဆင့် အထက် အဆင့်ဆင့်ကိုတိုင်တန်းရမယ်” - ဟု စစ်မြေပြင်ရောက် နိုင်ငံရေးပါတီဝင် တဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
ကျေးသီးမြို့ နယ် တာ့ဖါဆောင်တံတားတွင်အခြေစိုက်ထားသည့် သျှမ်းပြည်တပ်မတော် တပ်စခန်းအား ဖယ်ပေးရန် အစိုးရတပ်မတော်က အကြိမ်ကြိမ်ဖိအားပေးခဲ့သည်။ သျှမ်းပြည်တပ်မတော် မှ တပ်ဆုတ် ပေးခြင်းမရှိသည့်အပေါ် မြန်မာအစိုးရ စစ်တပ်အနေဖြင့် စစ်အင်အားတိုးဖြည့်ကာ ရပ် ရွာ လယ် ယာ အတွင်း ခံတုတ်ကျဉ်းများတူးဖေါ် ကာ တပ်စွဲနေထိုင်ခြင်း၊ လူထုအား ခေါ်ယူစစ်ဆေးခြင်းများ ဆက် တိုက်ပြုလုပ်နေသောကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်းဒေသခံများကပြော သည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထားကြပြီးဖြစ်သည်။