သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလား မြို့နယ် ဆီလူး ဒေသအတွင်း တောင်ကျချောင်း ရေကြီးမှု ကြောင့် လယ်ဧက ရာဂဏန်းနှင့်အတူ ဆုံးရှုံးမှုကျပ်ငွေ သိန်းပေါင်း ရာဂဏန်း ရှိသည်ဟု ဆီလူးဒေသ အရာရှိတဦးက ပြောသည်။
အထူးဒေသ ၄ တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေ ဆီလူးမြို့တွင် တောင်ကျချောင်းရေကြောင့် ရေလွှမ်းရာ - ကား ၃ စီး၊ ဆိုင်ကယ် ရ၇ စီး၊ စပါးခြွေလှေ့စက် ၄ ခု ၊ စပါးရိတ်စက် ၉ စီး၊ ထွန်စက် ၅ စီး၊ ဆန်စက် ၂ ရုံ၊
ဓါတ်မြေဩဇာ ရ၀ဝ အိတ်တို့အပြင် နမ့်ဟူးချောင်းခြောက်ဘေး လယ်ဧက ၁၀ဝ ကျော်မှ စပါးခင်းပျက်စီးဆုံး ရှုံးခဲ့ရသည်ဟု အဆိုပါ အရာရှိက ပြောသည်။ ချောင်းတလျှောက်နေအိမ်များ ပျက်စီးဆုံးရှုံးမှုရှိသဖြင့် ကူညီကယ်ဆယ်ရေးအတွက် တပ်ရင်း ၃ ရင်း ပေးပို့ ခဲ့ရကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောပြသည်။
“အခုရေကျသွားပြီဒီနေ့။ ရေကြီးတာက နမ့်ဟူးချောင်းပေါ့။ တောင်ကျချောင်းရေကြောင့်လေ။ ဝမ့်ဝိန်း ဘက်နေ ဆွန်ကောင်းဘက်ကို ဆင်းလာတာ။ အဲဒီချောင်းဘေးတလျှောက်မှာဆို ဝမ့်ခါးရွာနဲ့ ဝမ့်ပါဆန့် ရွာတွေပေါ့ ဆုံးရှုံးမှုများတယ်။ ချောင်းဘေးလယ်တွေလည်းဆုံးရှုံးမှုများတယ် ” - ဟုဆီလူးဒေသခံ စိုင်းယီနွဲ့ကပြောသည်။
ဆုံးရှုံးမှုနှင့်ပတ်သက်၍ ဒေသခံများ ပြောကြားချက်အရ - ဆိုင်ကယ်အများစုသည် ထိုင်းဆိုင်ကယ်များဖြစ် ကြောင်း ဆိုင်ကယ်တစ်စီးကာလတန်ဖိုး ကျပ် ၁၀သိန်းခန့်ရှိကြောင်း၊ တရုတ်ဆိုင်ကယ်တစ်စီး ကျပ် သုံးသိန်းမှဆယ်သိန်းခန့်ရှိကြောင်း၊ တရုတ်ဘိလပ်မြေ တစ်အိတ်ဈေး ယွမ်ငွေ ၁၅၀ ရှိကြောင်း၊ မြန်မာကျပ်ငွေ နှင့် နှိုင်းယှဉ်ပါက ဆုံးရှုံးမှု ကာလတန်ဖိုး ကျပ်ငွေသန်းပေါင်း ရာဂဏန်းရှိကြောင်း အုပ်ချုပ်ရေးအရာရှိတဦးက ပြောသည်။
ဆီလူးဒေသသည် အထူးဒေသ ၄ မိုင်းလားအုပ်ချုပ်ရေးအရ မြို့နယ်အဆင့်ထားရှိပြီးမြန်မာအစိုးရ အုပ်ချုပ်ရေး မှာမူ ကျိုင်းတုံခရိုင်မိုင်းယန်းမြို့နယ်လက်အောက်ခံ (ဆီလူး) ကျေးရွာအုပ်စု အဆင့်သတ်မှတ်ထားသည်။
စိုင်းလင်း ဦးဆောင်သည့် အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့သည် နေပြည်တော်အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။