မဟနသည် ညွှန်ကြားသည့်အတိုင်း လုပ်ပြီး နေရာယူထားသည့် အဖွဲ့အစည်းဟု ဝေဖန်

မဟနသည် ညွှန်ကြားသည့်အတိုင်း လုပ်ပြီး နေရာယူထားသည့် အဖွဲ့အစည်းဟု ဝေဖန်
by -
မဇ္စျိမ

သံဃာအရေးနှင့် သာသနာရေးတွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို မဟာသံဃနာယက(မဟန)အဖွဲ့က ကိုယ်တိုင် ကွင်းဆင်းလေ့လာခြင်းမရှိဘဲ အထက်က ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ပြီး နေရာယူထားသည့် အဖွဲ့အစည်းဖြစ်သည်ဟု ကန်ဦးကျောင်းတိုက် ဆရာတော်ဦးကုသလက ဝေဖန်လိုက်သည်။

လတ်တလောအခြေအနေအရ ကန်ဦးကျောင်းဆရာတော် ဦးကုသလကို ၎င်းသီတင်းသုံးနေသည့် ဒလမြို့ နယ်၊ကန်ဦးကျောင်းတိုက်မှ ထွက်ခွာရန် မဟနက ပြောဆိုထားပြီး ဒကာ၊ ဒကာမများက တားဆီးထားသည်။

“တာဝန်ကောင်းကောင်းလည်း မယူနိုင်ဘူး။ တိုက်ရိုက်ညွှန်ကြားတဲ့ စာရွက်ပေါ်မှာပဲ ပါးပါးလေးလုပ်ပြီး နေရာယူထားတာပဲ။ ဒီလိုဖြစ်နေတဲ့ အဓိကရုဏ်းတွေကို နှိမ်နင်းဖို့ကျတော့ တကယ်လည်း ထဲထဲဝင်ဝင် ကွင်းဆင်းပြီးတော့ စုံစမ်းတာတို့တော့ ရှိရမယ်လေ။ သံဃာထုဟုတ် မဟုတ်ဒါတွေကလည်း အများကြီးရှိ တာပဲ။ မဟနက ရုံးမှာထိုင်ပြီးတော့ပဲ နီးစပ်ရာနီးစပ်သလို လုပ်နေတဲ့ကိစ္စ ဒီလောက်ပဲရှိတယ်။ အဲ့ဒီအပေါ်မှာ မဟနကို အများကြီးတော့ သွားပြီးတော့ မျှော်လင့်ထားလို့ မရဘူး”ဟု ဆရာတော်ဦးကုသလက မိန့် ကြားသည်။

ဆရာတော်အချို့၏ အငြင်းပွားဖွယ်ရာတရားဟောမှုများ တရားခွေဖြန့်နေခြင်းများနှင့် လူမှုကွန်ရက် ၀က်ဘ်ဆိုက်များတွင် သတင်းဖြန့်မှုများ ပြုလုပ်နေသည့်ကိစ္စများကိုမူ မဟနက ကိုင်တွယ်မှုများ ပြုလုပ်သည်ကို မတွေ့ရပေ။

“မဟနကတော့ ဘုန်းကြီးကျောင်း ပြဿနာတွေမပြောနဲ့၊ ဟိုးရှေးတုန်းက ပြဿနာတွေကော၂၀၀၇ တုန်းက၊ ပြဿနာတွေကော ဘာမှအကာအကွယ်ပေးခဲ့တဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ အစိုးရကနေပြီးတော့ ဘာလုပ် လိုက်ဆိုပြီးတော့မှသာ ထထလုပ်တဲ့အဖွဲ့အစည်းလို့ပဲ သိထားတယ်”ဟု ရွှေညဝါဆရာတော် ဦးပညာသီဟက မိန့်သည်။

ထို့ပြင် ဘာသာရေးနှင့် သက်ဆိုင်သောအဓိကရုဏ်းများ ဖြစ်ပွားမှုများတွင် တစ်နိုင်ငံလုံးရှိ သာသနာရေး ကိစ္စများ တာဝန်ယူထားသည့် မဟနအဖွဲ့က ကွင်းဆင်းလေ့လာရန်လိုပြီး မဟနဆောင်ရွက်ခြင်း မရှိသောကြောင့် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)က ၀င်ရောက်လုပ်ဆောင်ရာတွင် အာဏာမရှိခြင်း၊ သဘောထားကွဲလွဲခြင်းများ ဖြစ်ပေါ်ပြီး လိုရာဆွဲယူလုပ်ဆောင်သည့်အတွက် ယခုကဲ့သို့ ပြဿနာများဖြစ်ပွားရခြင်းဟု ဆရာတော် ဦးကုသလက ဝေဖန်သည်။

ကန်ဦးကျောင်းဆရာတော်ကို ကျောင်းတိုက်မှ ထွက်ခွာပေးရန် ဇူလိုင် ၃ ရက်က မဟာသံဃနာ ယကအဖွဲ့ ၀င်များက ခေါ်ယူတွေ့ဆုံပြီး ဇူလိုင် ၆ ရက် ညနေ ၄ နာရီ အပြီး ထွက်ခွာရန် ညွှန်ကြားထားကာ ဒကာ၊ ဒကာမများက ကျောင်းတိုက်မှ ထွက်ခွာမသွားနိုင်ရန် တားဆီးထားကြသည်။