Federal ဆိုတာ ခွဲထွက်ရေး မဟုတ်- ပင်လုံ စာချုပ် ကနေ ပေါက်ဖွား လာတာ

Federal ဆိုတာ ခွဲထွက်ရေး မဟုတ်- ပင်လုံ စာချုပ် ကနေ ပေါက်ဖွား လာတာ
by -
သျှမ်းသံတော်ဆင့်

နိုင်ငံရေး ပါတီ ၁၂ ပါတီ ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Win Palace ဟိုတယ်မှာ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ပူးပေါင်းအဖွဲ့  (NCCT), အမျိုးသမီးများ အဖွဲ့ချုပ် − မြန်မာ နိုင်ငံ (WLB), Pyidaungsu Institute (PI) တို့နဲ့ ဂျူလိုင်လ ရ ရက်နေ့မှာ တွေ့ဆုံ နွေးဆွေး ခဲ့ပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး သျှမ်းအမျိုးသမီး ဆက်သွယ် လှုပ်ရှားမှု အသင်း (SWAN)ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ယိင်းဟန်ဖ နဲ့ သျှမ်းနီ အမျိုးသား တိုးတက်ရေး ပါတီ(TNDP) ဥက္ကဋ္ဌ စိုင်းဌေးအောင်တို့ကို သျှမ်းသံတော်ဆင့်က တွေ့ဆုံ မေးမြန်း ထားပါတယ်။

Federal ဆိုတာ ခွဲထွက်ရေး မဟုတ်- ပင်လုံ စာချုပ် ကနေ ပေါက်ဖွား လာတာ

မေး။    ။ ပြည်တွင်းက နိုင်ငံရေးပါတီ မေး၁၂ ပါတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရတဲ့အကြောင်းကို SWAN က ယိင်းဟန်ဖက ပြောပြပေးပါအုံး။  

ဖြေ။    ။ ကျမ(ယိင်းဟန်ဖ) သျှမ်းအမျိုးသမီးရေးရာဆက်သွယ်ဆောင်ရွက်လှုပ်ရှားမှုအသင်း  SWAN ကတော့ အမျိုးသမီးများအဖွဲ့ချုပ်−မြန်မာနိုင်ငံ WLB အနေနဲ့ လာရောက်တွေ့ဆုံတာပါ။ SWAN က WLB အဖွဲ့ဝင်လည်းဖြစ်လို့ပါ။ နိုင်ငံရေးပါတီ ၁၂ ပါတီနဲ့ လာတွေ့တယ်။ အဲဒီထဲမှာ သျှမ်းနီပါတီ လည်းပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ အဓိကဆွေးနွေးတာကတော့ Federalism ကိစ္စ၊ အမျိုးသမီးတွေ နိုင်ငံရေးမှာပိုမိုပါဝင်လာဖို့ကိစ္စ − ဥပမာ အမျိုးသမီးတွေနိုင်ငံရေးမှာ ဦးဆောင်မှု ကနေပါဝင်တာ အားနည်းတယ်ဆိုတဲ့အကြောင်းပေါ့။ အဲဒါတွေကို ဆွေးနွေးပါတယ်။ နောက် စစ် မက်ဖြစ်ပွားရာနယ်မြေတွေမှာ အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ ပါတယ်။

မေး။    ။ စိုင်းဌေးအောင်တို့အနေနဲ့ ရှမ်းနီပါတီကစုံစုံညီညီရောက်လာတယ်။  ဘန်ကောက်မှာလည်း ဝင်ခဲ့တယ်လို့ ကြားသိရတယ်။ ဆရာတို့ရဲ့ ခရီးစဉ်ကို ပြောပြပေးပါအုံး။

ဖြေ။    ။ ကျနော်တို့ ဘန်ကောက်ကို ၂ ရက်နေ့ ညနေမှာ ရောက်တာပေါ့လေ။ ၃ ရက်နေ့မှာ Federalism ကိစ္စ၊ နောက် State Building ကိစ္စတွေကို workshop တခုလုပ်ပါတယ်။ နောက် PR ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၄ ရက်ကနေ ၆ ရက်နေ့ မနက်ပိုင်းအထိ workshop လုပ်ပါတယ်။ ၄−၅ ရက်မှာ ဆရာတွေက သင်ကြားပေးပြီးမှ ၆ ရက်နေ့မနက်မှာ ကျနော်တို့ အချင်းချင်း အပြန် အလှန် ဆွေးနွေးကြပါတယ်။ PR စနစ်ကို ကျင့်သုံးရင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး တော့ပေါ့။ ၆ ရက်နေ့ ညနေပိုင်းမှ ချင်းမိုင်ကို ရောက်ရှိပါတယ်။

မေး။    ။ ချင်းမိုင်ကို ရောက်ပြီးတော့ ရ ရက်နေ့ မနက်ပိုင်းမှာ NCCT, WLB, ကချင်အမျိုးသမီး အဖွဲ့၊ သျှမ်းအမျိုးသမီးအဖွဲ့တွေကို လက်ခံတွေ့ဆုံတယ်လို့ သိရပါတယ်။ ဘယ်လိုတွေ့ဆုံမှုမျိုးလဲ။

ဖြေ။    ။ တွေ့ဆုံဖို့အတွက် ဘန်ကောက်ထွက်ခါနီးမှ သိရတယ်။ NCCT နဲ့တွေ့ရတာ အင်မတန်မှ ဝမ်းသာပါတယ်။ NCCT ရဲ့ ဆောင်ရွက်မှုကို သိရှိရတဲ့အတွက် ကျနော်တို့ ဘယ်လိုရှေ့ဆက် လုပ်ဆောင်ရမယ်ဆိုတာ သိရှိရတယ်။ ကျနော်တို့ဘက်က ဘယ်လိုပံ့ပိုးရမယ်။ NCCT အဓိက ဆောင်ရွက်မဲ့လုပ်ငန်းက အပစ်ခတ်ရပ်စဲရေးပေါ့။ အပစ်ခတ်ရပ်စဲရေးကို လုပ်ဆောင်နေတယ် ဆိုတော့ ကျနော်တို့အပိုင်းကလည်း ဒီအပစ်ခတ်ရပ်စဲရေးအတွက် ဘယ်လိုအားဖြည့်လုပ်ဆောင် သွားရမယ်ဆိုတာလည်း စဉ်းစားလို့ရသွားတယ်။ အမျိုးသမီးအဖွဲ့တွေနဲ့တွေ့တဲ့အခါမှာ ပြည်ပမှာ ရှိတဲ့အမျိုးသမီးအဖွဲ့တွေ ရဲ့ခံစားချက်နဲ့ ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေရဲ့ခံစားတွေကို ဆက်စပ်စဉ်းစားလို့ ရသွားတယ်။ ချင်းမိုင်ကို ရောက်တဲ့အခါမှာ SWAN အဖွဲ့နဲ့တွေ့ရတော့ ပိုပြီး ဝမ်းသာပါတယ်။ ပညာပေးရေးလုပ်ငန်းတွေ အများကြီးဆောင်ရွက်နေတဲ့အတွက်ကြောင့် ဝမ်းသာ တယ်။ ဒီအဖွဲ့နဲ့တွေ့ချင်တာ ကြာပါပြီ။ ဘာကြောင့်တွေ့ချင်ရသလဲဆိုရင် ကျနော်တို့ သျှမ်းအမျိုး သမီးတွေ နိုင်ငံရေးမှာ ပါဝင်မှု အရမ်းအားနည်းတယ်။ နိုင်ငံရေးမှာ သျှမ်းအမျိုးသမီးတွေ များများ ပါဝင်လာနိုင်အောင် SWAN အဖွဲ့ကနေ မွေးထုတ်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ အမျိုးသမီး ကဏ္ဍဟာ အနာဂတ် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ကဏ္ဍမှာ ရောက်ရှိနေပါတယ်။

မေး။    ။ ယိင်းဟန်ဖ ခုနကပြောသွားတဲ့အထဲမှာ Federal အကြောင်းပါတယ်။ ဒီ Federal ကို အစိုးရက လက်မခံသေးဘူး။ အစိုးရစစ်တပ်ကလည်း ဒါဟာခွဲထွက်ရေးဆိုပြီး ပြောဆိုနေတယ်။ လွန်ခဲ့တဲ့ ဂျွန် ၅ ရက်နေ့ NCCT နဲ့ UPWC တို့ ရန်ကုန်မှာ တွေ့ဆုံတုန်းကလည်း လက်မခံနိုင်ဘူး ဆိုတာ ပြတ်ပြတ်သားသား ပြောပြီးပြီ။ ဒါကြောင့် ယိင်းဟန်ဖနဲ့ Federal ဆိုတာ ဖြစ်လာနိုင်ပါသ လား။ ဘယ်လိုမြင်ပါသလဲ။

ဖြေ။    ။ နိုင်ငံရေးပါတီတွေအားလုံးနဲ့ ကျမတို့လည်း Federal ကို လက်ခံကြတယ်။ Federal  စနစ်ကို သျှမ်းစော်ဘွားတွေက စတင်လုပ်ဆောင်လာခဲ့တယ်။ အဓိကတော့ ပင်လုံစိတ်ဓာတ်ပါ။ Federal ဆိုတာ ပင်လုံစာချုပ်ကနေ ပေါက်ဖွားလာတယ်ဆိုတာ အားလုံးလည်း လက်ခံကြတယ်။ Federal တိုင်းပြည်ဖြစ်စေချင်တယ်။ ဒါဟာခွဲထွက်ရေးဖြစ်တယ်ဆိုပြီး  ကျင့်သုံးဖို့ အစိုးရက လက် မခံသေးဘူး။ ဒီနေ့ ကျမတို့ Federal  အကြောင်းအပြင် ငြိမ်းချမ်းရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ Constitution အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြတယ်။ အားလုံးက ဆက်စပ်နေ တော့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ Constitution ကို ကျမတို့ပြင်ချင်ပေမဲ့ လွှတ်တော်ထဲမှာ စစ်တပ် က ၂၅% ပါဝင်နေတော့ သူတို့ကို အနိုင်ရဖို့ အရမ်းခက်တယ်။ Federal ဖြစ်ချင်တာဘဲဖြစ်ဖြစ် Constitution ကို ပြင်ချင်တာဘဲဖြစ်ဖြစ် ကြိုးစားပမ်းစားနဲ့ လုပ်ရမယ်။ အများကြီး ကြိုးစားရအုံး မယ်။ ငြိမ်းချမ်းရေးလည်း အဲဒီလိုပါဘဲ။ တဖက်ကလည်း အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်နေတယ်။ တဖက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ သျှမ်းပြည်မှာလည်း လွန်ခဲ့တဲ့အပတ်မှာ ကျေးသီးဖက်မှာ တိုက်ပွဲဖြစ်ပွားတယ်။ ပြည်သူတွေလည်း ထွက်ပြေးကြရတယ်။ ကချင်ပြည်မှာလည်း စစ်ပြေးဒုက္ခသည်တွေများတယ်။ ကချင်နဲ့သျှမ်းပေါင်းလိုက်ရင် ဒုက္ခသည်က တသိန်းကျော်ပြီ။ သျှမ်းလူမျိုးကတော့ ပိုများတယ်။ ကချင်ပြည်၊ သျှမ်းပြည်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတော့ အပစ်ရပ်တာ၊ ငြိမ်းချမ်းရေးတည်ဆောက်တာဟာ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ ဒါကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မေး။    ။ တဖက်ကလည်း ငြိမ်းချမ်းရေးတည်ဆောက်နေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ ကချင်ပြည်ထဲမှာ သျှမ်းနီတွေ စစ်ဘေးစစ်ဒဏ်ကို အလူးအလဲ ခံနေရတယ်လို့ ကြားသိရတယ်။ ဒီငြိမ်းချမ်းရေးနဲ့ ထိုးစစ်နေမှုကို စိုင်းဌေးအောင်ရဲ့သဘောထားလေး ပြောပြပေးပါအုံး။

ဖြေ။    ။ ထိုးစစ်ဆင်နေမှု အခြေအနေကတော့ တော်တော်လေး ရပ်တန့်သွားပြီလို့ ပြောလို့ရ တယ်။ အခု ကြိုကြားကြိုကြား ဖြစ်တဲ့တိုက်ပွဲတွေကတော့ အမျိုးသားရေးတိုက်ပွဲလည်းမဟုတ် နိုင်ငံရေးတိုက်ပွဲလည်းမဟုတ်။ အဓိကတော့ သစ်ကုန်ကူးမှုကြောင့်ဖြစ်တဲ့တိုက်ပွဲတွေပေါ့။ သစ်ကုန် ကူးမှုကြောင့် ဖြစ်လာတဲ့တိုက်ပွဲတွေကြားထဲမှာ ပြည်သူလူထုက အဓိကဒုက္ခ ရောက်ကြတာပါဘဲ။ ဟိုအရင်တုန်းက ထိုးစစ်လို့ တိုက်ပွဲဖြစ်တဲ့အချိန်မှာဆိုရင် ကျနော်တို့ သျှမ်းနီရွာတွေနားမှာဘဲ အကြီးမားဆုံး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ကချင်မြို့ ကချင်ရွာတွေမှာဖြစ်တာ အင်မတန် ရှားပါးခဲ့ပါ တယ်။ ဘာကြောင့်လဲဆိုတော့ သျှမ်းမြို့ သျှမ်းရွာတွေမှာ မိုင်းလာထောင်ထားတယ်။ မိုင်းကွဲတဲ့အခါ ရဲဘော်တွေက ရွာထဲကို သေနတ်နဲ့ပစ်တယ်။ အဲဒီလိုဖြစ်တော့ သျှမ်းတွေ အသေအပျောက် ရှိခဲ့ တယ်။ အခုနောက်ပိုင်းတော့ ထိုးစစ်မှုတွေ လျှော့သွားတော့ သျှမ်းတွေက ကိုယ့်မြို့ကိုယ့်ရွာတွေ ဆီပြန်ပြီး လုပ်ကိုင်စားသောက်နေကြပါပြီ။ ဒုက္ခသည်စခန်းမှာတော့ ကြာကြာတော့ မနေကြဘူး။

မေး။    ။ အခုငြိမ်းချမ်းရေး နည်းနည်းရသွားပြီဆိုတော့ ကျနော်တို့လည်း သက်သာရာရပါတယ်။ ဒါပေမဲ့ လက်တွေ့ရေရှည်အနေနဲ့ကျတော့ နိုင်ငံရေးဦးဆောင်တဲ့ ဆရာတို့အနေနဲ့ ကျနော်တို့ တိုင်းပြည်မှာ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့၊ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လက်တွေ့မှာ တကယ်ဖြစ်လာနိုင်သလား။ အစိုးရကလုပ်နေတဲ့လုပ်ရပ်နဲ့ တိုင်းရင်းသားတွေ သွားနေတဲ့ ခြေလှမ်းနဲ့။

ဖြေ။    ။ အခု အစိုးရက သွားနေတဲ့ လမ်းကြောင်းပေါ်မှာ ကျနော်တို့ အားလုံးယူရမှာ မဟုတ်ဘူး။ ပြုပြင်ပြောင်းလဲစရာရှိတဲ့ကိစ္စတွေကို ပြုပြင်ပြောင်းလဲရမယ်။ အဓိက အဖွဲ့စည်းပေါင်းစုံပေါ့နော်။ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် နိုင်အောင် ကြိုးစားရမယ်။ နောက်တချက်က ကျနော်တို့ Federal ဆိုတဲ့ စကားလုံးလေးနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေကြားမှာ ပြဿနာဖြစ်နေကြတယ်။ ဒါပေမဲ့ အနှစ်သာရကို ကျင့်သုံးဖို့ တအား လိုအပ်ပါတယ်။ တိုင်းရင်းသားတန်းတူအခွင့်အရေးပေါ့။ ကျနော်တို့ ပါတီမူဝါဒမှာလည်း ပါပါတယ်။ တိုင်းရင်းသားတန်းတူအခွင့်အရေးရှိရမယ်။ တိုင်းရင်းသားတန်းတူအခွင့်အရေးရှိမယ်ဆိုရင် သူ့ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်၊ စီမံပိုင်ခွင့်၊ ဉပဒေပြုပိုင်ခွင့်တွေ ပေးခဲ့မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေကလည်း ဒီကိစ္စကို မလုပ်ချင်ပါဘူး။ အခုပြောပြောနေတဲ့တိုင်းရင်းသားတွေ တိုက်ပွဲတွေလုပ်နေတယ်ဆိုတာ သမ္မတကြီး တက်လုပ်ဖို့မဟုတ်ဘူး။ ဒီမြန်မာပြည်ကြီးကို အုပ်ချုပ် ဖို့လည်းမဟုတ်ဘူး။ ကိုယ့်ဒေသကို စီမံခန့်ခွဲချင်လို့ပါ။ ဉပမာ အခုပြောနေကြပါတယ်။ ပင်လုံကိစ္စ။ ပင်လုံကိစ္စပြောတဲ့အခါမှာ ကျနော်တို့နယ်မြေဟာ ပင်လုံကနေ စပျောက်တယ်လို့ ပြောလို့ရပါ တယ်။ တိုင်းရင်းသား အားလုံးကတော့ ပင်လုံစိတ်ဓာတ်။ ပင်လုံစိတ်ဓာတ်ကို ကျနော် လေးစားပါ တယ်။ ဒါပေမဲ့ အဲဒီကနေ ပေါ်ပေါက်လာတဲ့ ကချင်ပြည်ကြောင့် ကျနော်တို့နယ်မြေ ဖျက်သိမ်းခံရ တယ်။ ဒါကြောင့် Federal လို့ ပြောလာရင် ကချင်လူမျိုးတွေကလည်း ကျင့်သုံးနိုင်ဖို့ အထူး လိုအပ်ပါတယ်။ ကချင်ပြည်နယ်ထဲမှာ သျှမ်းတွေလည်း အခွင့်အရေး ရရမယ်ပေါ့နော်။ ဥပမာ တခုအနေနဲ့ ၁၉၄၇ ပုဒ်မ ၁၇၃ မှာ ကချင်လူမျိုးသာ ဥက္ကဋ္ဌ ဖြစ်ရမယ်လို့ သူတို့ပြဌာန်းထားတယ်။ ကျနော်တို့လူမျိုး ဥကဋ္ဌ ဖြစ်ပိုင်ခွင့်မရှိဘူး။ တိုင်းရင်းသားတန်းတူအခွင့်အရေးကိစ္စ ဆွေးနွေးတဲ့အခါ မှာ အဲဒီကိစ္စကို ပါယ်ဖျောက်ရပါ့မယ်။ တော်တဲ့လူတွေ ဝန်ကြီးချုပ်ဖြစ်ဖို့ အရေးပေးရမယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ မျှော်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဆရာရဲ့ ရင်တွင်းစကားကို ပြောပေး ပါလား။

ဖြေ။    ။ မျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ဆိုတာ ရေရှည် plan ကို ရေးဆွဲထားရပါ့မယ်။ အခု လုပ်၊ အခုလက်တုန့်ပြန်တဲ့ အမျိုးမဟုတ်ဘဲနဲ့ ရေရှည်အောင်ပွဲရဖို့ ကျနော်တို့ ကြိုးစားရမယ်။ ဒါ ကြောင့် ရေရှည် plan အင်မတန် လိုအပ်တယ်ပေါ့နော်။ Strategy ကောင်းကောင်းမရှိတဲ့ အတွက် တိုင်းရင်းသားတွေ ခံစားနေရတယ်။ တကယ်လို့ အစိုးရဘက်ကနေ ဘာတွေလုပ်လာမယ်၊ ကျနော် တို့ဘက်က ဘာတွေပြင်ဆင်ထားမယ်။ ကြိုတင်ပြင်ဆင်မှုတွေရှိထားခဲ့ရင်  တိုင်းရင်းသား ဒေသ တွေမှာ ဒီလောက်ထိ ကြေကွဲစရာတွေ ရှိလိမ့်မယ် မထင်ဘူးလို့ ကျနော်မြင်ပါတယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ယိင်းဟန်ဖက ရင်တွင်းစကားလေး ပြော ပေးပါဦး။

ဖြေ။    ။ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတာ ဒုတိယအကြိမ်ပေါ့နော်။ လာရောက်တွေ့ဆုံရတာလည်း အင်မတန်ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးပါတီနဲ့ ပြည်သူကြားမှာ ကွာဟနေ တယ်။ နိုင်ငံရေးပါတီတွေက မြို့ထဲမှာဘဲနေတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်၊ အမျိုးသမီးတွေ ရဲ့ ခံစားချက်ကို မသိဘူး။ အခုလို လာရောက်တွေ့ဆုံပြီး ရှင်းရှင်းလင်းလင်း ဆွေးနွေးရတဲ့အတွက် ပြည်သူတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့အသံကို သိနိုင်ဖို့ အခွင့်အလမ်းတရပ်ပေါ့နော်။ အနာဂတ်မှာ လည်း ဒီလိုတွေ့ဆုံမှုတွေ ရှိလာအုံးမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံရေးမှာဖြစ်ဖြစ် ဖွံ့ဖြိုးရေးလုပ်ငန်း မှာဖြစ်ဖြစ် အမျိုးသမီးတွေလည်း လုပ်ဆောင်နိုင်တယ်။ ဒါကိုလည်း သူတို့က လက်တွဲခေါ်ဆောင် သွားမယ်။ လွှတ်တော်အမတ်တွေ မဖြစ်ရတဲ့  အမျိုးသမီးတွေ နိုင်ငံရေးမှာ ဦးဆောင်ဦးရွက်ပြုနိုင်ဖို့ လက်တွဲခေါ်ဆောင်သွားမယ်လို့ ကြားသိရတဲ့အတွက် ကျမတို့အတွက် အားအင်တခုဖြစ်တာပေါ့။ ကျမတို့ အမျိုးသမီးတွေလည်း ပိုပြီးကြိုးစားရမယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီတွေကတော့ − အမျိုးသား ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်း တိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီ ပါတီ−ကချင်ပြည်၊ သျှမ်းနီအမျိုးသားတိုးတက်ရေးပါတီ၊ ကယားအမျိုးသားဒီမိုကရေစီပါတီနဲ့ ကချင်ပြည်ဒီမိုကရေစီပါတီတို့ ဖြစ်ပါတယ်။