ဘေးမဲ့တော ၂၁ တောကို သဘာဝအခြေခံသည့် ခရီးသွားဒေသများအဖြစ် ဆောင်ရွက်မည်

ဘေးမဲ့တော ၂၁ တောကို သဘာဝအခြေခံသည့် ခရီးသွားဒေသများအဖြစ် ဆောင်ရွက်မည်
by -
မဇ္စျိမ

ဘေးမဲ့တော ၂၁ တောတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် သဘာဝအခြေခံခရီးသွားလုပ်ငန်းမူဝါဒနှင့် မဟာဗျူဟာများကိုရေးဆွဲနေသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အကြံပေး ဒေါ်ကြည်ကြည်အေးက မဇိ်္စျမကို ပြောသည်။

ခါကာဘိုရာဇီဘေးမဲ့တော၊ ဖုန်ကန်ရာဇီဘေးမဲ့တော၊ အင်းတော်ကြီး၊ ဟူးကောင်းတောင်ကြား၊ နတ်မ တောင်၊ ကျိုက်ထီးရိုး၊ အင်းလေးကန်၊ ပန်လောင်းနှင့် ပြဒါးလင်းဂူ၊ အလောင်းတော်ကဿပ၊ ချပ်သင်း၊ ပုပ္ပား တောင်၊ လောကနန္ဒာဘေးမဲ့တော၊ ရွှေစက်တော်၊ ၀က်ထီးကန်၊ မိုးယွန်းကြီး၊ လှော်ကား၊ မိန်းမလှကျွန်း၊ သမင်လှကျွန်း၊ လန်ပိကျွန်း၊ မြိုင်ဟေဝန်ဆင်စခန်း၊ ဖိုးကျားဆင် စခန်းဘေးမဲ့တောနေရာများကို သဘာဝ အခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က မြန်မာနိုင်ငံတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းတွင် ပါ၀င်သော မဟာဗျူဟာလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟု ဇွန်လနောက်ဆုံးပတ်၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရုံး တွင်ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ထည့်သွင်းပြောဆိုထားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ စာရင်းအရ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းအတွက် ဘေးမဲ့တော၂၁ ခုရှိပြီး ယင်းအနက် ၁၀ ခုမှာ သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် ခရီးသွားများသွားရောက်လည်ပတ်နိုင်သည့် နေရာများဖြစ်သည်ဟု ဟိုတယ်/ ခရီးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ဒေါ်ကြည်ကြည်အေးက “ အဓိက က ဘေးမဲ့တော ၂၁ တောကို သဘာဝ အခြေခံခရီးသွားလုပ်ငန်းအဖြစ် အခုထက် ပိုမိုဖြစ်ထွန်းလာဖို့ဆောင်ရွက်ဖို့ကို ဒီစီမံချက်တွေကို ရေးဆွဲတာပဲ။ ဒီရေးဆွဲထားတဲ့ စီမံချက်ကို အခြေပြုပြီးတော့ Ecotourism Sites တွေကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာတွေပါ လာမယ် ” ဟု ပြောသည်။

“သဘာဝအခြေခံ ခရီးသွားလုပ်ငန်း မူဝါဒနှင့် စီမံခန့်ခွဲမှုမဟာဗျူဟာ ” ကို ဟိုတယ်/ခရီးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် နီပေါနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) တို့ ပူးပေါင်းရေးဆွဲလျက်ရှိပြီး သဘာဝအခြေခံခရီးသွား လုပ်ငန်းမူဝါဒ နှင့် စီမံခန့်ခွဲမှုမဟာဗျူဟာကို ၂၀၁၅ခုနှစ်တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာသဘာဝ အခြေခံခရီးသွားလုပ်ငန်းကွန်ဖရင့်၌ ထည့်သွင်းကြေညာသွားမည် ဖြစ်သည်။