SPP နှင့် အစိုးရတို့ စစ်ရှိန်လျော့ရေး

SPP နှင့် အစိုးရတို့ စစ်ရှိန်လျော့ရေး
by -
မဇ္စျိမ

စစ်ရေးလျော့ချရေးအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UWPC တို့ နေပြည်တော်တွင် ဇူလိုင်လ ရရက် ညနေက တွေ့ဆုံဆွေးနွေးခဲ့သည်။

SSPP/SSA ထွေထွေအတွင်းရေးမှူး စပ်ခွန်ဆိုင်း ဦးဆောင်သော ကိုယ်စားလှယ် ၁၂ ဦးနှင့် UWPC ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။

“လက်နက်ကိုင် ပဋိပက္ခလျော့ချရေး အဓိကထားပြီး ကျွန်တော်ဦးဆောင်ပြီးတော့ ဆွေးနွေးမှာပါ”ဟု SSPP/SSA ထွေထွေအတွင်းရေးမှူး စပ်ခွန်ဆိုင်းက မဇ္စျိမကို ပြောသည်။ သို့သော် တွေ့ဆုံ ဆွေးနွေးအပြီးတွင်မူ မဇ္စျိမက စပ်ခွန်းဆိုင်းနှင့် UWPC၏ နည်းပညာ အထောက်အကူပြုအဖွဲ့မှ အဖွဲ့ဝင်များကို ဆက်သွယ်သော်လည်း ဆက်သွယ် မရခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လ ၂၆ နှင့် ၂၇ ရက်က တန့်ယန်းမြို့နယ်အတွင်း SSPP/SSA  တပ်နှင့် အစိုးရစစ်တပ်တို့ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ၎င်းတို့ဘက်မှ တိုက်ပွဲများ ရပ်တန့်ပေးရန် မေတ္တာရပ်ခံခဲ့သဖြင့် တွေ့ဆုံရခြင်းလည်း ဖြစ်သည်ဟုလည်း စပ်ခွန်ဆိုင်းက ဆိုသည်။ SSPP၏ တွေ့ဆုံရန် မေတ္တာရပ်ခံမှုကို အစိုးရဘက်က ဇူလိုင် ၃ရက်တွင် လက်ခံဆွေးနွေးရန် ပြန်လည် အကြောင်းပြန်ခဲ့သည်ဟုလည်း သိရသည်။

“ကျွန်တော်တို့ဘက်က တိုက်ပွဲဖြစ်ဖြစ်ချင်းပဲ ချက်ချင်း သူတို့ကို ဖုန်းနဲ့လည်း တိုက်ခိုက်မှု အောက်ခြေတပ်တွေကို ရပ်တန့်ပေးဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံတယ်။ တစ်ချိန်ထဲမှာပဲ အဲဒီကိစ္စတွေကို အီးမေးလ်နဲ့လည်း ပို့လိုက်တယ်”ဟု သူက ဆက်ပြောသည်။

SSPP/SSA ဌာနချုပ် ရှမ်းပြည်နယ် မြောက်ပိုင်း ကျေးသီးမြို့နယ် သာဖာဆောင်အနီးတဝိုက်တွင် အစိုးရ၏ စစ်တပ်များ ယခင်က တပ်ရင်း ၁ ရင်းသာရှိရာမှ ယခု တပ်ရင်း ရ ရင်းအထိ အင်အားတိုးချဲ့မှုများ ရှိလာသည်ဟု ဆိုသည်။ ယင်းအပြင်ယခုဆွေးနွေးမည့် ကာလအတွင်း စစ်ရေးထိန်းသိမ်းထားသည်ဟုလည်း သူက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၄ ရက် အထိ SSPP ဗဟိုဌာနချုပ်ရှိရာ ဝမ့်ဟိုင်တွင် ၁၁ ရက်ကြာ SSPP/SSA ၏ ၆လပတ် အစည်းအဝေး ကျင်းပခဲ့ပြီး SSPP/SSA နယ်မြေအတွင်း အစိုးရ စစ်တပ်က တိုးချဲ့ ဝင်ရောက်လာမှုများအပေါ် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်ဟု ဇူလိုင်လ ၆ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသေးသည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလအတွင်းက SSPP/SSA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီးနောက် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ SSPP/SSA သည် လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေးအဖွဲ့ (NCCT) တွင်လည်း ပါဝင်သည်။