အမ်းမြို့တွင် ၃ ရက်အတွင်း ဘင်္ဂလီ ၁၉ ဦး ဖမ်းဆီးမိ

အမ်းမြို့တွင် ၃ ရက်အတွင်း ဘင်္ဂလီ ၁၉ ဦး ဖမ်းဆီးမိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရဲစခန်းမှ နောက်ထပ် ဘင်္ဂလီ လူမျိုး (၁၀) ဦးကို ဖမ်းမိသဖြင့် ၃ ရက်အတွင်း ဖမ်းဆီးမိသူ ဘင်္ဂလီ အရေအတွက်မှာ (၁၉) ဦးရှိပြီ ဖြစ်ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်။ မနေ့က နောက်ထပ် ဘင်္ဂလီ ၁၀ ဦးဖမ်းမိပါတယ်။ အမျိုးသားက ၉ ဦး၊ အမျိုးသမီး ၁ ဦး ဖြစ်ပါတယ်။ သူတို့ကို ကျနော်တို့ရဲစခန်းနဲ့ ၂၂ မိုင်အကွာ မိုင်တိုင်အနီး တောထဲဲမှာ ဖမ်းမိတာပါ” ဟု ဆိုသည်။

DSCN0099

သူတို့အား ကားဖြင့် ရခိုင်မှ ရန်ကုန်သို့ သယ်ဆောင်လာသူ ကယ်ရီယာ လူပွဲစားများမှာ ထွက်ပြေးသွားပြီး ယင်း ဘင်္ဂလီ လူမျိုး ၁၀ ဦးအား တောထဲတွင် ချထားခဲ့ရာမှ ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

“ အရင် နှစ်ရက်ခန့်ကလည်း ကျား ၈ ဦး၊ မ ၁ ဦး စုစုပေါင်း ၉ ဦးကို စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတယ်။ အဲသလို ဖမ်းမိတာကို သိသွားတဲ့ အတွက် သူတို့ကို သယ်လာတဲ့ ပွဲစားတွေက အဖမ်းခံရမှာကို စိုးလို့ လမ်းမှာ ချထားခဲ့ပုံရတယ်။ ဒါကြောင့် သူတို့ကို တောထဲမှာ ဖမ်းမိတာပါ” ဟု မြို့နယ်မှူး ကဆိုသည်။

ယခင် ကျား ၈ ဦး၊ မ ၁ ဦးအား လူပွဲစား (၃) ဦးမှ လင်ခြူဆာ ကားအဖြူဖြင့် သယ်ယူလာခြင်းဖြစ်ကြောင်း၊ ယခုအခါ လူပွဲစား လုပ်သူ ၃ ဦးစလုံးကို ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆက်လက် ပြောဆိုသည်။

ယခု ဘင်္ဂလီများအား ရခိုင်ပြည်မှ ရန်ကုန်သို့ ပို့ဆောင်သူ လူပွဲစားများမှာ ရဲအငြိမ်းစား ၀န်ထမ်းများ၏ သမီးများ ဖြစ်ကြပြီး တစ်ဦးမှာ မခိုင်ဟု ခေါ်ပြီး နောက်တစ်ဦးမှာ မွန်ချိုဟု ခေါ်ကြောင်း၊ ဘင်္ဂလီ တစ်ဦးကို သုံးသိန်းနုန်းဖြင့် အကြွေး ကယ်ရီ သယ်လာခြင်း ဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ယခု တောထဲတွင် ချထားခဲ့သူ အရေအတွက်မှာ ၁၁ ဦးဖြစ်ပြီး ယခု ၁၀ ဦးကိုသာ ကစုကိုင်းရွာအနီးတွင် ဖမ်းမိသဖြင့် နောက်ထပ် တစ်ဦး ပျောက်ဆုံးနေသည်ဟုလည်း သူက ဆက်လက် ပြောဆိုသည်။

ယခု အခါ ဖမ်းဆီးမိသူ ဘင်္ဂလီ (၁၉) ဦးစလုံးအား အမ်းမြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ထားပြီး တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု မြို့နယ် ရဲစခန်းမှူးကဆိုသည်။

အမ်းမြို့သည် ရခိုင်ပြည်နယ်မှ ဗမာပြည်မသို့ သွားရာ ကားလမ်းပေါ်ရှိ ရခိုင်ရိုးမတောင်ခြေရင်းတွင်တည်ရှိပြီး ဌာနပေါင်းစုံဖြင့် ဖွဲ့စည်းထားသော လူဝင် လူထွက် စစ်ဆေးဂိတ်များလည်း တည်ရှိသည်ဟု သိရသည်။

Most read this week