မြစ်ဆုံစီမံကိန်းကြောင့် အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့ခံထားရသူများထဲမှ အိမ်ထောင်စုနှစ်ခုမှ မိသားစုများအား တရုတ်အစိုးရ၏ စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုးရေးရှင်း(CPI)က နှစ်လစာဆန်ထောက်ပံ့မှု ရပ်ဆိုင်းလိုက်သည် ဟု ကာယကံရှင်များက မဇ္ဈိမကိုပြောသည်။
အောင်မြင်သာကျေးရွာသားတစ်ဦးအတွက် နှစ်လစာ ဆန် ၁၅ပြည်ကို CPI က ဇွန်၂၅ ရက်က ထောက်ပံ့ပေးရာတွင် ဒေါ်ဂျာခေါန်နှင့် ဒေါ်လုရာတို့၏ မိသားစုများကို ထောက်ပံ့မှုမပေးခဲ့ခြင်းဖြစ်သည်။
“အရင်တခေါက်ကတော့ရတယ်။ ဒီတခေါက်တော့ မပေးဘူး။ ဘာကြောင့်လည််းဆိုတာတော့ မသိဘူး။ ဒါပေမဲ့ သူတို့ကို စီမံကိန်းကို ဆန့်ကျင်လို့နေမှာပေါ့။ စီပီအိုင်ကတော့ ကျမက ဂျာနယ်တွေမှာ ဆန်မယူချင်ဘဲ ယူနေရတယ်ဆိုပြီး ပြောတာကို မကြိုက်ဘူး”ဟု ဒေါ်ဂျာခေါန်က မဇ္စျိမကို ပြောသည်။
၎င်းတို့နှစ်ဦးလုံးမှာ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူများဖြစ်သလို စီမံကိန်း ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြသူများကို ကြိုဆိုရာတွင်လည်း ကမကထပြုလုပ်သူများဖြစ်သည်။ ၎င်းတို့ နှစ် ဦးပေါင်းလျှင် မိသားစုပေါင်း ၁၇ဦးရှိသည်။
“အခက်အခဲကတော့ အရင်ကတည်းကနေ သူတို့ ပေးတာတွေဘဲ စားနေတာမှ မဟုတ်တာ။ အရင်ကတော့ ကျမ စျေးရောင်းတယ်။ ခုတော့ ဆိုင်ခန်းတွေလည်း မဆောက်ပေးဘူး။ ဆိုင်ခန်းတွေလည်း ပစ်ထားရလိုက်ရတယ်” ဟု ဒေါ်ဂျာခေါန်က ရှင်းပြသည်။
အဆိုပါ အောင်မြင်သာကျေးရွာရှိ ရွာသားများမှာ မြစ်ဆုံစီမံကိန်းအကောင်အထည်ဖေါ်စဉ်က မူလနေရာဖြစ် သည့် တန်ဖဲရွာမှ ပြောင်းရွှေ့ခဲ့ရသည်။
ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်မှစတင်၍ မြစ်ဆုံစီမံကိန်းကြောင့် အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့ခဲ့ပြီး CPI က အိမ်ထောင်စု ၃ဝဝ ကျော်အတွက် ဆန်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်တွင် သမ္မတ ဦးသိန်းစိန်က စီမံကိန်း ရပ်ဆိုင်းထားသော်လည်း CPI က ဆက်လက် အကောင်အထည်ဖော်ရန် ကျေးရွာသားများအား စည်းရုံးခြင်းများ ပြုလုပ်ကာ အစီစဉ်ခံစာများ လည်း ဖြန့်ဝေခဲ့သေးသည်။
မဂ္ဂဝပ် ၆,ဝဝဝ ထုတ်လွှတ်မည့် မြစ်ဆုံစီမံကိန်းကို ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ်က စတင်၍ ယခင်အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၊ CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။