ရခိုင်ပြည်နယ်မှာ နောက်ထပ် အကျပ်အတည်း ဖြစ်လာနိုင်ဦးမလား

ရခိုင်ပြည်နယ်မှာ နောက်ထပ် အကျပ်အတည်း ဖြစ်လာနိုင်ဦးမလား
by -
မဇ္စျိမ

ဒီကနေ့ ဇွန်လ ၂၅ ရက်မှာ ရခိုင်ပြည်နယ်အရေးပေါ်လွှတ်တော်အစည်းအဝေး ကျင်းပပါတော့မယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက်ထားပါတယ်။ ဗဟိုအစိုးရ နယ်စပ်ဒု-၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကလည်း တာဝန်က နှုတ်ထွက်၊ တပ်ကိုပြန်၊ ရခိုင်ပြည်နယ် လွှတ်တော်အတွက် တပ်မတော်သားအမတ်အဖြစ် စာရင်းပေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ရယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သမ္မတကလည်း ဗိုလ်ချုပ်မောင်မောင်အုန်းကို လစ်လပ်သွားတဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နေရာမှာ ခန့်အပ်ဖို့ ရခိုင်ပြည်နယ်လွှတ်တော်ကို အကြောင်းကြားထားပြီးပါပြီ။

ဒါပေမဲ့ ထူးတာတစ်ခုက ရခိုင်အမျိုးသားပါတီကနေ ဇွန်လ ၂၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ပါ။ အဲဒီကြေညာချက်ထဲမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရေးနဲ့ ပတ်သက်ပြီး ထားရှိတဲ့ သဘောထားကို ဖော်ပြထားပါတယ်။ ကြေညာချက်မှာ ဘာပါသလဲ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဘယ်သူဖြစ်လာမှာလဲ၊ နောင် ရခိုင်ပြည်နယ်အရေး ဘာတွေဆက်ဖြစ်လာနိုင်ဦးမလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ရခိုင်အမျိုးသားပါတီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်လုပ်မယ့်သူဟာ ရခိုင်တိုင်းရင်းသား ဖြစ်ရမယ်၊ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အမတ်ထဲကဖြစ်ရမယ်။

ဒါ့အပြင် ဒီမိုကရေစီအနှစ်သာရနဲ့အညီ ကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်နယ်လွှတ်တော်ထဲမှာ အမတ်နေရာ အများဆုံး ရထားတဲ့ ရခိုင်အမျိုးသားပါတီက ပြည်နယ်အမတ် တစ်ယောက်ယောက်ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခန့်အပ်သင့်တယ်လို့ ဆိုပါတယ်။ ဒါက ရခိုင်အမျိုးသားပါတီရဲ့ လိုလားတောင်း ဆိုချက်ပါ။ လောလောဆယ် အနေအထားကိုကြည့်ရင် သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ဘက်ကတော့ ဒါကို လိုက်လျောမယ့်ပုံတော့ မရှိပါဘူး။ ဗိုလ်ချုပ်မောင်မောင်အုန်းကိုပဲ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ နာမည်စာရင်း တင်သွင်းပါလိမ့်မယ်။

ဒါကို လွှတ်တော်ထဲအမတ်နေရာအများစု အနိုင်ရထားတယ်ဆိုတဲ့ ရခိုင်အမျိုးသားပါတီကလည်းတားဆီးနိုင် မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရေးကိစ္စမှာ သမ္မတဟာ သက်ဆိုင်ရာ လွှတ်တော်ထဲက ရွေးကောက်ခံ အမတ်တစ်ယောက်ယောက်ကို ဖြစ်စေ၊ တပ်မတော်သား အမတ်တစ်ယောက်ယောက်ကိုဖြစ်စေ သူကြိုက်တဲ့သူကို နာမည်စာရင်း တင်သွင်းနိုင်ပါတယ်။ အမတ်တွေကတော့ သမ္မတက နာမည်စာရင်းတင်သွင်းလာသူဟာ ၀န်ကြီးချုပ်အဖြစ် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့မကိုက်ညီဘူးလို့ သက်သေမပြနိုင်ရင် ငြင်းပယ်ခွင့် မရှိပါဘူး။ အတည်ပြု ခန့်အပ်ပေးရမှာပါပဲ။ အဓိပ္ပာယ်ကတော့ ဖွဲ့စည်းပုံအရ သက်ဆိုင်ရာ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော်မှာ အမတ်အများစု အနိုင်ရထားရင်တောင် ၀န်ကြီးချုပ်ခန့်တဲ့ ကိစ္စ ဘာမှမလုပ်နိုင်ဘူးဆိုတာပါ။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၃၅ ခုမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အမတ် ၁၈ ယောက်နဲ့ အများဆုံးရွေးကောက်ခံရပါတယ်။ ပြည်ခိုင်ဖြိုးက ၁၄ ယောက်၊ NDPD က နှစ်ယောက်၊ တစည ပါတီက တစ်ယောက် အရွေးခံရပါတယ်။ မြန်မာတစ်နိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ် ၁၄ ခုရဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာ ပြည်ခိုင်ဖြိုးမဟုတ်ဘဲ အမတ်အများဆုံး အနိုင်ရတာဆိုလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တစ်ခုတည်း ရှိခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းလွှတ်တော်ဖွဲ့စည်း တော့ တပ်မတော်သားအမတ် ၁၂ ယောက်ဝင်လာပါတယ်။ ဒီအခါ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပ ါတီဟာ လွှတ်တော်ထဲမှာ အမတ်အများစုဖြစ်တယ်ဆိုတဲ့ အနေအထား မရှိတော့ပါဘူး။

အကြောင်းကတော့ ပြည်ခိုင်ဖြိုးနဲ့တပ်မတော်သား အမတ်နှစ်ဖွဲ့ပေါင်းရင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီထက် အမတ်ဦးရေများတာကြောင့် ဆုံးဖြတ်ချက်တွေချရာမှာရခိုင်ပါတီအရေးမပါ တော့တာဖြစ်ပါတယ်။

ပြောရရင် ရွေးကောက်ပွဲမှာ အမတ်အများစုသာ အနိုင်ရတယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ၀န်ကြီးချုပ် နေရာလည်း မရ၊ လွှတ်တော်ထဲမှာလည်း အဆုံးအဖြတ်အခန်းကဏ္ဍက မပါနိုင်ဖြစ်ခဲ့ရတာပါ။ ဒါဟာ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်ရတာပါ။ လောလောဆယ် သမ္မတက တပ်မတော်သား အမတ်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရခိုင်အမျိုးသားပါတီဘက်က ဘာမှမပြောသာပါဘူး။

သပိတ်မှောက်မယ်၊ ဆန္ဒပြမယ်ဆိုရင်လည်း အစိုးရနဲ့ အခြေအနေ တင်းမာသွားမှာကလွဲပြီး တခြားဘာ လိုက်လျောမှုမှ ရနိုင်မယ့် အနေအထားမရှိပါဘူး။

နောက်တစ်ချက် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရတာနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ဘက်က ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခအခြေအနေ၊ တည်ငြိမ်မှုမရှိသေးတဲ့ အခြေအနေတွေကို အကြောင်းပြကောင်း ပြနိုင်ပါတယ်။ ဒါဟာလည်း တကယ့်အဖြစ်မှန် အမှန်တရားဖြစ်နေတာမို့ ရခိုင်အမျိုးသားပါတီ ငြင်းဆန်ရ ခက်ခဲပါလိမ့်မယ်။ နောက်ဆုံးတော့ ရခိုင်ပြည်နယ်မှာ မတည်ငြိမ်နိုင်သေးဘူး၊ ဒါကို ပိုင်ပိုင်နိုင်နိုင်ထိန်းသိမ်းဖို့ လိုတယ်။ နောက်သိပ်မကြာခင် အကောင်အထည်ဖော်တော့မယ့် နိုင်ငံတော်အဆင့် စီမံကိန်းကြီးတွေဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ကျောက်ဖြူနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမင်အထိ ဖောက်မယ့်ရထားလမ်း၊ ကားလမ်းပါတဲ့ ဘက်စုံလမ်းမကြီး စီမံကိန်းတွေအတွက်လည်း ရခိုင်ပြည်နယ် တည်တည်ငြိမ်ငြိမ်ရှိ ဖို့လိုတယ်။ ဒါကြောင့် စစ်ဗိုလ်ချုပ်တစ်ယောက်ပဲ သင့်လျော်တယ်ဆိုတဲ့ သဘော သက်ရောက်သွားစေမှာ ဖြစ်ပါတယ်။

အခုတော့ ရခိုင်ခေါင်းဆောင်တွေအတွက် တခြားရွေးချယ်စရာ များများစားစား မရှိပါဘူး။ နောင်ခုလို မဖြစ်ရလေအောင် ဖွဲ့စည်းပုံပြင်နိုင်ရေး ကြိုးစားဖို့လိုပါမယ်။ ပုဒ်မ ၂၆၁ မှာ ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးကောက်ခံအမတ်အများစုဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ရမည်ဆိုတာမျိုး ပြင်နိုင်ဖို့ လိုပါတယ်။

နောက်တစ်ခုကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးပါ။ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ ကိုယ်တိုင်ဦးဆောင်ပြီး မတည်မငြိမ်ဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစွန်းရောက်သမားတွေ ပြဿနာဖြေရှင်းဖို့ လိုပါတယ်။ အမုန်းတရား ဖြန့်ဖြူးနေတာတွေ ရပ်ဆိုင်းအောင်လုပ်ဖို့ လိုပါတယ်။

မတူညီတဲ့လူမျိုးစု နှစ်ခု၊ မတူညီတဲ့ ဘာသာဝင်အုပ်စု နှစ်ခု ပဋိပက္ခတွေ မဖြစ်ပွား၊ အမုန်းတွေ မပွား၊ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ နေထိုင်နိုင်တဲ့ အခြေအနေရောက်လာအောင် နည်းလမ်းပေါင်းစုံရှာ ကြိုးစားဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်ကို အခုလို စစ်ဘုရင်တစ်ပါးက လာအုပ်ချုပ်ရတယ်ဆိုတဲ့ အခြေအနေမျိုးကနေ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။

Most read this week