လစ်လပ်သွားသော ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူးအတွက် ဇွန် ၂၅ရက်တွင် ဆွေးနွေးရန်ရှိရာ ထိုနေ့ နံနက်တွင် ရခိုင်ပြည်နယ် လွှတ်တော်အဆောက်အဦး၏ အဝင်လမ်းများကို သံဆူးကြိုးများဖြင့် ကာရံခြင်း၊ လုံခြံုရေး အင်အားတိုးချထားသည်ဟု စစ်တွေမြို့မိ မြို့ဖ ဦးသန်းထွန်းက မဇ္စျိမကို ပြောသည်။
“လွှတ်တော် အဆောက်အဦးကို ၀င်မယ့် လမ်းဆုံတွေ အားလုံးကို လုံခြံုရေးတွေ တိုးချပြီး သံဆူးကြိုးတွေ ကာလိုက်ပြီ၊ ဒေသခံတွေ ဆန္ဒထုတ်ဖော်တာတွေ လုပ်မှာ စိုးလို့ထင်တယ်”ဟု ဦးသန်းထွန်းက ဆိုသည်။
ရခိုင်ပြည်နယ် လွှတ်တော်အဆောက်အဦးကို ယခုကဲ့သို့ လုံခြံုရေး ယူခြင်းမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ဆူဆူပူပူ မဖြစ်အောင် လုံခြံုရေးကြိုယူထားတာပါ”ဟု စစ်တွေ မြို့မ ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန် ၂၀ ရက်တွင် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဇွန် ၂၁ ရက်တွင် နယ်စပ်ရေးရာဒု-၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် အစားထိုးခန့်အပ်ခဲ့သည်။
ယနေ့တွင် ဗိုလ်ချုပ်မောင်မောင်အုန်းသည် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာဆိုမည်ဖြစ်သည်။