အမျိုးသားလွှတ်တော်တွင် အတည်ပြုပြီးဖြစ်သည့် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ တိုင်းရင်းသားပါတီ ၂ဝက ကိုယ်စားလှယ်များက ဇွန်လ ၂၃ရက်တွင် စာတင်သွားမည်ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUB)၏ ဒု- ဥက္ကဋ္ဌ ဦးစောသန်းမြင့်က မဇ္စျိမကို ပြောသည်။
"ဒီနေ့ အားလုံး ညှိနှိုင်းတာ လာမယ့် တနင်္လာနေ့ကို ပီအာရ် စနစ်ကို ကန့်ကွက်ဖို့ လွှတ်တော်တင်မယ်။ ဒါနောက်ဆုံး ညှိနှိုင်းတဲ့ အဖြေ။ ဆန္ဒပြဖို့တော့ ရှိတယ်။ ရက်အတိအကျတော့ မသတ်မှတ် ရသေးဘူး"ဟု ဦးစောသန်းမြင့်က ပြောသည်။
ပီအာရ်စနစ်ကို ကန့်ကွက်ကြောင်း တိုင်းရင်းသားပါတီ၂ဝ ခုက တိုင်းရင်းသားဒေသများတွင် ဆန္ဒပြတောင်းဆိုရန်လည်း စီစဉ်ထားသည်။ ဆန္ဒပြမှုများကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ လားရှိုး၊ တောင်ကြီး၊ လင်းခေး၊ တာချီလိတ်တို့တွင် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် လေးခု၊ ချင်းပြည်ရှိ မြို့နယ် သုံးခု၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်တို့၌ ဆန္ဒထုတ်ဖော်သွားမည်ဟု ဦးစောသန်းမြင့်က ပြောသည်။
ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ဦးဆောင်မည်ဖြစ်ပြီး ချင်းပြည်နယ်တွင် ချင်းအမျိုးသား ဒီမိုကရေစီပါတီက ဦးဆောင်မည်ဖြစ်သည်။ ရခိုင်တွင်မူ ရခိုင်အမျိုးသား ပါတီက ဦးဆောင်ပြီး ကရင်ပြည်နယ်တွင် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီက ဦးဆောင်မည်ဖြစ်ကာ မွန်ပြည်နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဦးဆောင် ဆန္ဒထုတ်ဖော် မည်ဖြစ်သော်လည်း ရက်အတိအကျကိုမူ မသတ်မှတ်ရသေးပေ။
ညီနောင်တိုင်းရင်းသားပါတီများ အနေဖြင့် ပီအာရ်စနစ်ကို လွှတ်တော်အတွင်း ၂ဝ၁၃ခုနှစ်မှ စတင်ကာ ကန့်ကွက်လာရာ ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် ဖြစ်သည်ဟု ဆိုသည်။
ပီအာရ်စနစ်ကို အမျိုးသားလွှတ်တော်တွင် ဇွန်လ ၁၁ရက်က အတည်ပြုလိုက်ပြီး ယင်းသို့ အတည်မပြုမီ အမျိုးသားလွှတတော် ကိုယ်စားလှယ် ၂၆ဦးက သုံးရက်ကြာ အချိန်ပေးကာ ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ ၁၁၇ဦးရှိပြီး ကန့်ကွက်သူ တပ်မတော်သား ကိုယ်စားလှယ်များ အားလုံး အပါအဝင် ၈၅ဦးက ကန့်ကွက်ခဲ့သည်။