တရားမဝင်သတ္တုတူးဖော်နေသည့် တရုတ်၁၃ဦးကို ပြည်နှင်ဒဏ်ပေးမည်

တရားမဝင်သတ္တုတူးဖော်နေသည့် တရုတ်၁၃ဦးကို ပြည်နှင်ဒဏ်ပေးမည်
by -
မဇ္စျိမ

ကလောမြို့နယ်၊ ဘော်ဆိုင်းကျေး ရွာအုပ်စုအတွင်း၊ သတ္တုတွင်းတူးဖော် လုပ်ကိုင်လျက်ရှိသည့် GPS Joint Venture Co.Ltd.,တွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံသား ၁၃ ဦးကို ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် ဇွန် ၁၈ရက်တွင် ပြည်နှင်ဒဏ်ပေးသွားမည်ဟု တောင်ကြီးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနောင်က မဇ္ဈိမကို အတည်ပြု ပြောဆိုလိုက်သည်။

၎င်းတို့ကို မေ၂၉ရက်က ကလော မြို့နယ် တရားရုံးတွင် ဒဏ်ငွေကျပ်နှစ် သိန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပြီး အာမခံပေးထားခြင်းဖြစ်သည်။ ယင်းနောက်သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်နှင်မိန့်ထုတ်ပြန်ပေးခဲ့ပြီဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်နေပြီဟု ဦးရဲနောင်က ဇွန်၁၇ရက်် ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားတို့သည် သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက် မရှိဘဲသတ္တု တူးဖော်ရေးလုပ်ငန်း၌ ၀င်ရောက်လုပ်ကိုင်နေသည်ကို မေ ၂၅ရက်တွင် ရှမ်းပြည်နယ်နှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အပြင် လက်ခံထားရှိသည့် ကုမ္ပဏီ၏ တာဝန်ခံ ဦးစိုင်းကျော်မြင့်ကိုလည်း သတင်းပို့ရန် ပျက်ကွက်မှု (နိုင်ငံခြားသားများ အက်ဥပဒေပုဒ်မ ၅-၁)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

“ပြည်နှင်ပြီးသွားရင်လည်း BLACK LIST (အမည်ပျက်စာရင်း) တစ်ခါတည်းသွင်းသွားမှာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

ပြည်နှင်ခံရမည့် အမျိုးသမီး တစ်ဦးပါ၀င်သည့် တရုတ်နိုင်ငံသားများကို ဇွန် ၁၈ ရက် နံနက် ၅ နာရီတွင် ဘော်ဆိုင်းကျေးရွာ ကုမ္ပဏီရုံးသို့ သွားရောက်ခေါ်ဆောင်မည်ဖြစ်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦး)သို့ ပို့ဆောင်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားသည်။

အဆိုပါဒေသတွင် Top ten Star နှင့် GPS Joint Venture Co.Ltd., အစရှိသည့် သတ္တုတူးဖော်ရေး ကုမ္ပဏီကြီးများအပါအဝင် သတ္တုတူးဖော်ခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ၁၆ ခုခန့်ရှိသည်။ ယခု အရေးယူခံရသည့် GPS Joint Venture Co.Ltd.,သည် မြန်မာနိုင်ငံတွင် သတ္တုတူးဖော်နေသည့် တတိယအကြီးဆုံးကုမ္ပဏီ ဖြစ်သည်။

အခြားသတ္တုတွင်းများကို အမတ်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပူးပေါင်းစစ်ဆေးရန် စီစဉ်နေသည်။