သိမ်းဆည်းမြေတွင် လယ်တက်ထွန်ရာမှ ရဲခေါ်ပြီး ဖြေရှင်းရ

သိမ်းဆည်းမြေတွင် လယ်တက်ထွန်ရာမှ ရဲခေါ်ပြီး ဖြေရှင်းရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် သိမ်းဆည်းမြေတွင်  လယ်သမား တစ်ဦး လယ်တက်ထွန်ရာမှ လယ်သမားနှင့် ယင်းမြေအား ၀င်းခြံခတ်သူတို့အကြား ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားခဲ့သဖြင့် ရဲခေါ်ယူရသည့် အဆင့်ထိ ရောက်ရှိသွားခဲ့သည်ဟု သိရသည်။

ဇွန်လ ၁၆ ရက်နေ့က တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာတွင် ရွာသားတစ်ဦးဖြစ်သူ ဦးမြင့်နိုင်မှ ယောက်ဖ ဖြစ်သူနှင့်အတူ ၄င်းထံမှ သိမ်းဆည်းထားသော လယ်မြေပေါ်တွင် တက်ရောက် လယ်ထွန်ခဲ့ချိန် အငြင်းပွားခဲ့ရခြင်းဖြစ်သည်ဟု လယ်သိမ်းခံထားရသူ ဦးမြင့်နိုင်နှင့် တရွာတည်းနေ ဦးမြင့်သောင်းက နိရဥ္စရာသို့ ပြောသည်။

“ ပြဿ     နာက ဒီလယ်မြေတွေကို ပြန်ပေးဖို့အထက်ကို အသနားခံ တင်ပြထားပါတယ်။ ဒီအချိန်မှာ ဒီမြေကို ရထားသူက ခြံခတ်ဖို့လုပ်တယ်။ ဦးမြင့်နိုင်ကလည်း သူယောက်ဖနဲ့ အတူ နွားနဲ့ လယ်တက်ထွန်တယ်။ အဲဒီမှာ ပြဿနာ စဖြစ်တာ” ဟု ဆိုသည်။

ယင်းနောက်ပိုင်းတွင် ခြံခတ်မည့်သူက ရဲအား သွားခေါ်ယူပြီး တားမြစ်ပေးရန် တောင်းဆိုခဲ့သည်ဟု သူက ဆိုသည်။

“ရဲက ဘာလို့ သူများ မြေပေါ်မှာ လယ်တက်ထွန်ရသလဲဆိုပြီး  မေးတယ်။ အဲဒီတော့ ဒီမြေက ကျနော့်မြေဖြစ်တယ်ဆိုပြီး ဦးမြင့်နိုင်က ဖြေတယ်။ ပီးရင် ပုံစံ ၁၀၅ ကို ထုတ်ပြတယ်။ ဒီလယ်ဟာ သူ့လယ် အစစ်လို့ပြောတယ်။ ရဲကလည်း ဖြေရှင်းဖို့ခက်တော့ ခြံလည်းမခတ်နဲ့၊ လယ်လည်း မထွန်နဲ့ ဆိုပြီး တားမြစ်သွားခဲ့တယ်” ဟု ဆိုသည်။

၂၀၀၄-၂၀၀၅ ခုနှစ် တောင်ကုတ်မြို့ ကိုင်းရှည် ကျေးရွာအနီးမှ ဦးစိန်ချမ်း၊ ဦးမြင့်နိုင်နှင့် ဦးမြင့်သောင်းတို့ ပိုင်ဆိုင်သော အထက်ကိုင်းနှင့် အောက်ကိုင်းမှ လယ် (၇) ဧကကျော်ကို လျှော်ကြေး တစ်စုံတစ်ရာ မပေးဘဲ သက်ဆိုင်ရာမှ သိမ်းယူသွားခဲ့သည်။

လယ်မြေများကို သိမ်းဆည်းရခြင်းမှာ အိမ်ယာမြေစီမံကိန်းဟု အကြောင်းပြကာ သိမ်းယူခြင်း ဖြစ်ပြီး တစ်စုံတစ်ရာ ကြိုတင် အကြောင်းကြားခြင်းလည်း မရှိသလို လျော်ကြေးလည်း တစ်စုံတစ်ရာ ပေးဆောင်ခြင်း မရှိဟု ဆိုသည်။

“အခုတော့ ပုံစံ( ရ) ပြုလုပ်ပေးဖို့တင်ထားပြီး ခြံခတ်နေသူတွေကို ပယ်ဖျက်ပေးဖို့ နိုင်ငံတော် သမ္မတကြီး အထိ တင််ပြထားတယ်။ ခရိုင်ကလည်း ခဏခဏ ခေါ်ယူ စစ်ဆေးတယ်။ ဒါပေမယ့် ဒီနေ့ထိ ဖြေရှင်း ပေးခြင်းမရှိဘူး။ ဒီလ ၁၅ ရက်နေ့ကလည်း ဦးလေးကို ခေါ်ပြီး လူကြီးတွေက မြေယာစီမံကိန်း မြေဖြစ်တယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ဦးလေးက မထိုးခဲ့ဘူး။ နောက်ထပ်လည်း ခရိုင်အဆင့်ထိ တင်ဖို့ စီစဉ်ထားပါတယ်” ဟု ဦးမြင့်သောင်းက ဆက်ဆိုသည်။

ယင်းမြေများအား မြို့နယ် အာဏာာပိုင်များမှ အိမ်ဆောက်လိုသူများကို ငွေကြေး တစ်စုံတစ်ရာယူပြီး ရောင်းချလိုက်ပုံရကြောင်း၊ သို့သော်လည်း မူလ မြေပိုင်ရှင်များတစ်စုံတစ်ရာ ခွဲဝေပေးခြင်း မရှိကြောင်း၊ သို့အတွက် ယခု မြေပြသနာ အား ပြတ်သားစွာ မဖြေရှင်းရဲဘဲ ဖြစ်နေကြောင်း ဒေသခံများကသုံးသပ်သည်။

Most read this week