သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်း သျှမ်းပြည်တပ်မတော် တပ်စခန်းဖယ်ပေးရန် အစိုးရတပ် အင်အားသုံး ဖိအားပေးနေစဉ် ဒေသခံရွာသားတချို့ မြေမြှုပ်မိုင်းနင်းမိသဖြင့် သေဆုံးသူ ၂ ဦးရှိပြီး ၁ ဦးဒဏ်ရာရခဲ့သည်ဟု ဒေသအတွင်းသတင်းရပ်ကွက်ကပြောသည်။
ဂျွန် ၁၅ ရက် ၁၆ နာရီခွဲခန့် မိုင်းရှူးမြို့မှ လွယ်ဆိုင် (ပတ္တမြားမှော်) အသွားလမ်းမပေါ် စားသုံးကုန် ပစ္စည်းသယ်ဆောင်သွားသည့် ထော်လာဂျီ (အကြီးစား) တစီးသည် သုံးခြောက်ကိုးရွာ အနီး မိုင်းနင်းမိ ရာ ယာဉ်နောက်လိုက်(စပယ်ယာ)မှာ ပွဲခြင်းသေဆုံးပြီး၊ ယာဉ်မောင်းလည်း မိုင်းစ ထိမှန်ဒဏ် ရာရရှိကြောင်း မျက်မြင်ရွာသားများကပြောသည်။
“မနေ့က တနေကုန် ဖုန်းပိတ်တယ်။ ကားလမ်းတော့ စစ်ရေးတင်းမာချိန်ကတည်းက အစိုးရတပ်က သွားခွင့်မပြုဘူး၊ ပိတ်ထားတယ်။ ကျောက်မှော် သွားလမ်း တလျှောက် အစိုးရတပ် တွေချည်းဘဲ။ လုံခြုံရေး ယူထားတာ။ မနေ့က လမ်းတွေ ပြန်ဖွင့်ပေးတယ်။ သွားလို့ ရပြီ ဆိုတာနဲ့ ဒီမြို့ထဲက ကုန်အငှားလိုက် တင်ပို့တဲ့ အောက်ပြည်သား နှစ်ယောက်က ထော်လာဂျီအငှားထွက်တယ်။ တောင်ပေါ် (ပတ္တမြားမှော်) ပို့ဖို့ သုံးခြောက် ကိုးရွာက မြို့နဲ့သိပ်မဝေးဘူး။ ကပ်လျှက်ဘဲ၊ အဲဒီမှာ သူတို့ထော်လာဂျီက သွားနင်းမိ တာ၊ နာမည်တော့ မသိဘူး။ မျက်နှာတွေတော့မှတ်မိတယ်” - ဟု မိုင်းရှူးဈေးတန်းက နန်းအားလီက ပြောသည်။
ဂျွန် ၁၂ ရက် နံနက် (၁၀ နာရီခန့်) ကလည်း လယ်ထွန်သွားသည့် မိုင်းရှူးမြို့နယ် နမ့်တောင်အုပ်စု မတ်ခေါ်ရွာအုပ်ချုပ်ရေးမှူး (ဦး) လုံးကျောင်းပန်ဆိုသူသည် ထွန်တုံးဖြုတ်ပြီး လယ်အနီး ကျွဲနွားလိုက် ရှာစဉ် မိုင်းနင်းမိကာ ခြေထောက်တဘက်ပြတ်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု မိုင်းရှူးမြို့ရောက် အမျိုး တော်စပ်သူတဦးကပြောသည်။
“ကြာသပတေးနေ့တုန်းက ဝမ့်မတ်ခေါ် ရွာအုပ်ချုပ်ရေးမှူး လုံးကျောင်းပန် အသက် ၅၇ နှစ် က လယ် သွားထွန်တယ်။ ထွန်တုံးဖြုတ်ပြီး လယ်အနီး တောတန်းမှာ ကျွဲ နွား ကြည့်မလို့ ဆိုပြီး ထွက်သွားတာ။ ထောင်ထားတဲ့ မြေမြှုပ်မိုင်းသွားနင်းမိတယ်။ ပွဲချင်းပြီး သေတယ်၊ ရွာသားတွေ သွားရှာတော့ ခြေ ထောက်တဘက်လုံးလုံးပြတ်ထွက်နေတယ်။ ခန္ဓာကိုယ်တခုလုံးလဲ စုတ်ပျက်နေတာဘဲ” ဟု ၎င်းကပြော သည်။
ရွာဓလေ့ထုံးတမ်းအရ အဆိုပါသေမှုသေခင်းမျိုးသည် ရပ်ရွာနေအိမ်သို့ သယ်ယူခွင့်မပြုကြောင်း၊ ၎င်း အားထိုနေရာပင်မြှုပ်နှံလိုက်ရကြောင်း၊ ယနေ့ထိ အလှူအတန်းလုပ်ပေးနိုင်ခြင်းမရှိသေးကြောင်း၊ဆိုင်ရာ အာဏာပိုင်များလည်းလာရောက်မေးမြန်းခြင်း၊ ကူညီထောက်ပံ့ခြင်းလုံးဝ မရှိကြောင်း - အမျိုးတော်စပ် သူတဦးကပြောသည်။
ဒေသခံများသေကြေဒဏ်ရာရရှိစေသည့် ထောက်မှိုင်းပေါက်ကွဲမှုသည် မည်သည့်တပ်ဖွဲ့၏လက်ချက်ဖြစ် သည်ဆိုသည်ကို ဆိုင်ရာအာဏာပိုင်များ ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေ။
လွယ်ဆောင်ထောဝ့် (ပတ္တမြားမှော်) ဂွင်၌ စစ်ရေးအချက်အချာကြသည့် SSPP/SSA ၏ လွယ်ဆိုင် တပ်စခန်းအားဖယ်ပေးရန် အစိုးရတပ် အင်အားသုံးတိုက်ခိုက်သည့် ဂျွန် ၁၁ ရက်နေ့ နောက်ပိုင်း ဒေသခံများ ဝမ်းရေးအတွက် သွားလာလှုပ်ရှားရေး ယခုကဲ့သို့ အခက်အခဲကြုံလာရခြင်းဖြစ် သည်။