၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ NLD နှင့် ဆရာတော်များ၏ တပည့် ဒကာ၊ ဒကာမများ စုစုပေါင်း လူဦးရေ ၅ဝ ခန့်က ဇွန်လ ၁၆ ရက်တွင် သာသာနာတော် ညိုးနွမ်းမှုဖြင့် ဖမ်းဆီးခံနေရသည့် မဟာသန္တိသုခကျောင်းက ငါးပါးကို အင်းစိန်ထောင်တွင် ထောင်ဝင်စာတွေ့ခွင့် တောင်းသော်လည်း တွေ့ခဲ့မရခဲ့ဟု NLD/AIDS တာဝန်ခံ ကိုရာဇာက မဇ္ဇျိမကိုပြောသည်။
ကိုရာဇာက " တွေ့ခွင့်မရဘူး၊ ပါဆယ်ပေးလို့ရတယ်၊ မတရားဘူးလို့ထင်တယ်၊ ဒါနိုင်ငံရေးနဲ့လည်း အဓိကပက်သက်နေတဲ့ ပြသာနာတခုဖြစ်နေတယ်။ အခုချိန်မှာ ဆရာတော်တွေက အကျဉ်းသားတစ်ပိုင်း ဖြစ်နေပြီ၊ သာသနာပြုနေတဲ့ ဆရာတော်တွေလည်းဖြစ်တယ်၊ ကြည်ညိုစိတ်နဲ့ လေးစားစိတ်နဲ့ NLD၊ ၈၈(ငြိမ်း/ ပွင့် ဆရာတော်ရဲ့ တပည့်ဒါယကာမများအပါအဝင် အားလုံးပေါင်းလူ၅ဝကျော် လောက်တော့ရှိတယ် ထောင်ဝင်စာ သွား တွေ့တာ " ဟု ပြောသည်။
ဆက်လက်ပြီး ကိုရာဇာက ထောင်ဝင်စာတွေ့ရန်အတွက် လိုအပ်ချက်များရှိနေကြောင်းကိုလည်း "ဆရာတော် တွေက ငယ်ဖြူတွေဆိုတော့ လူ့ဘဝတုန်းကနာမည်တွေ မသိရသေးဘူး၊ အခက်အခဲရှိတယ်။ မိဘနာမည် သန်းခေါင်စာရင်းကအစ ပြန်လိုက်ရမယ်၊ ရှေ့နေများနဲ့ တိုင်ပင်ပြီးတော့ တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ရှိ တယ်" ဟုပြောသည်။
အင်းစိန်ထောင်တွင် အင်္ဂလန်နိုင်ငံသား ဆရာတော်နှစ်ပါးဖြစ်သည့် ဦးဥတ္တရ၊ ဦးပညာစာရတို့အပါအဝင် ဦးတေစိန်၊ ဦးသုန္ဒာသိရိ နှင့် ဦးနန္ဒိယတို့ကို ဇွန်လ ၁၃ရက်ကတည်းက အတင်း လူဝတ်လဲစေ၍ ဖမ်းဆီး ထားခြင်း ဖြစ်သည်။
အင်္ဂလန်နိုင်ငံသားဖြစ်သည့် ဦးဥတ္တရနှင့် ဦးပညာစာရတို့အတွက် အင်္ဂလန်သံရုံးမှ တာဝန်ရှိသူ Joe (ခေါ်)ကိုနေထူးက " အင်္ဂလန်နိုင်ငံသား နှစ်ဦး အထိမ်းသိမ်းခံနေရတယ်ဆိုတာကို အတည်ပြုလို့ရပါတယ်။ အထိမ်းသိမ်းခံနေရတဲ့ သူနှစ်ဦးကို အကူအညီဆောင်ရွက်ပေးလို့ရအောင် အာဏာပိုင်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နေပါတယ်" ဟု မေးမြန်းချက်အား ပြန်လည် ဖြေကြားခဲ့သည်။
ထောင်ဝင်စာ သွားတွေ့ရာတွင် ပါဝင်သည့် ဆရာတော်၏ ဒကာမတစ်ဦးဖြစ်သူ ဒေါ်မေသူကလည်း ဆရာတော်တို့ အပေါ် အစိုးရ၏ ပြုမူဆောင်ရွက်ချက်သည် ဆိုးရွားလွန်းပြီး ယုံကြည်နိုင်စရာမရှိကြောင်း လည်းပြောကြားခဲ့သည်။ ၎င်းတို့အနေနှင့် ဆရာတော်များ၏ ကျမ်းမာရေးအခြေအနေကို အလွန်အမင်း စိုးရိမ်လျှက်ရှိနေသည်ဟုလည်း ဆိုသည်။ သာသနာရေးဝန်ကြီး ဌာနက စွပ်စွဲခဲ့မှုများသည် တမင်ဖန်တီးခြင်း လည်းဖြစ်ပြီး အဖြစ်မှန်နှင့် ကင်းကွာနေသည်ဟုလည်း ပြောကြားခဲ့သည်။
ဒေါ်မေသူက "အဲဒီ့နေ့က အမတို့ ဆရာတော်တွေအာရုံဆွမ်းကပ်ဖို့ ပြင်ဆင်ပြီး ည ၈ နာရီလောက်က အိမ်ကိုပြန်ခဲ့တယ်။ ည ၁၁ နာရီလောက်မှာ ကျောင်းကို ဝင်သိမ်းတယ်လို့ကြားတော့ ပထမ ယုံတောင်မယုံ ဘူး။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အံသြမိတယ်။ ဒီဘုန်းကြီးတွေက သူတို့ဖာသာ အေးအေး ဆေးဆေး နေတာပါ။ မင်္ဂလာပွဲတွေလုပ်တာ၊ အကသင်တန်းကို ခန်းမငှားတယ်ဆိုတာကမဟနကခန့် အပ်ထားတဲ့ ဘုန်းကြီးကလုပ်နေတာပါ။ ပီနန်ဆရာတော်ဘုရားကြီးက အဲဒီလိုလုပ်တာတွေကို မကြိုက်ဘူး။"ဟု ပြောကြားခဲ့သည်။
မန္တလေး၊ မစိုးရိန်ကျောင်းတိုက်ဆရာတော် ဦးဝီရသူကလည်း ဇွန် ၁၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာချက် တစ်ခုကိုထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်တွင် ဦးဥတ္တရအပါအဝင် သံဃာ ၅ ပါးအား ကျူးကျော်သူဟု စွပ်စွဲချက်မှာ မှန်ကန်မှုမရှိဟု ရေးသားဖော်ပြထားသည်။ မဟနမှပြောကြားသည့် သဃာ ၅ သိန်းအား ကိုယ်စားပြုသည်ဟု ဆိုသည်မှာလည်း မှန်ကန်မှုမရှိဟုဆိုသည်။
သံဃာ့မဟာနာယကအဖွဲ့ကို သံဃာ ၅ သိန်းမှ ရွေးချယ်တင်မြှောက်ထားခြင်း မဟုတ်သလို၊ ကျောင်းတော်ကြီးအား ချိတ်ပိတ်ခြင်းသည် သံဃာ ၅ သိန်း၏ သဘာတူညီချက်ဖြင့် မဟုတ်ကြောင်းလည်း ရေးသားထားသည်။ ထို့အပြင် ဆရာတော်ဦးဥတ္တရအား သာသနာညိုးနွမ်းစေမှု ပုဒ်မ (၂၉၅)ဖြင့် အရေးယူရန်အတွက် ပြစ်ချက်များလည်း မတွေ့ကြောင်း ရေးသားထားသည်။ နောက်ဆုံးအချက်အဖြစ် သံဃာတော်များ၏ ဆန္ဒမပါဝင်ပါက သင်္ကန်းချွတ်ခွင့် မရှိကြောင်းလည်း ရေးသားဖော်ပြထားသည်။