ကုလလူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးကို ကချင်ဒုက္ခသည်များက ပြန်လည်ချထားရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်တောင်းဆို

ကုလလူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးကို ကချင်ဒုက္ခသည်များက ပြန်လည်ချထားရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်တောင်းဆို
by -
မဇ္စျိမ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ စစ်ပြေးဒုက္ခသည် စခန်းများကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Kyung-Wha Kang နှင့် အဖွဲ့ သွားရောက်ခဲ့ပြီး ဒုက္ခသည်များကငြိမ်းချမ်းရေး ရရှိပြီး နေရပ်ပြန်ပါက မိုင်းရှင်းလင်းပေးရန် အပါအဝင် ပြန်လည်ချထားရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်ဟု ဝိုင်းမော်မြို့နယ် မုန်နာဇွပ် ဒုက္ခသည်စခန်းက တာဝန်ခံ ဆရာနော်လာက မဇ္စျိမကို ပြောသည်။

“သူတို့က ကျွန်တော်တို့ လိုအပ်ချက်ဘာတွေရှိလဲ။ ငြိမ်းချမ်းရေးရပြီး ကိုယ့်ဒေသကိုပြန်ရင် ဘာတွေ လိုအပ်မလဲ၊ ပညာရေးနဲ့ ပတ်သက်လို့ ကျေနပ်မှု ရှိလား၊ ကျွန်တော်တို့က ပညာရေးနဲ့ ပတ်သက်လို့ ကျောင်းတော့ တက်နိုင်တယ်။ ဒါပေမဲ့ တဝင်းထဲမှာဘဲ IDP(ရွေ့ပြောင်းဒုက္ခသည်များ)နဲ့ IDP မဟုတ်တဲ့ ကလေးတွေ ခွဲပြီး  သင်နေတော့ ကလေးတွေ စိတ်မချမ်းသာဖြစ်တယ်။ ကျွန်တော်တို့ ပြန်နိုင်ဖို့က နိုင်ငံရေးမှာ အခြေခံတဲ့အတွက် ဖက်ဒရယ်ရမှ ပြန်လို့ရနိုင်မယ်”ဟု ဆရာနော်လာက ပြောသည်။

mizzima1405201401

ဒုက္ခသည် ၂ဝ၂၈ဦးနေထိုင်သည့် မုန်နာဇွပ် ဒုက္ခသည်စခန်းက ဒုက္ခသည်များက ငြိမ်းချမ်းရေး ရရှိပြီးပါက နေရပ်ပြန်ပါက မိုင်းရှင်းလင်းပေးရန်၊ ပျက်ဆီးသွားသော နေအိမ်များကို ပြန်လည် ဆောက်လုပ်ပေးရန်၊ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများ လည်း လိုအပ်သည်ဟု တောင်းဆိုခဲ့ကြသည်ဟု သူက ပြောသည်။

“ကျွန်တော်တို့က သူတို့ ခုလိုလာရောက် ကြည့်ရှုပေးတဲ့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ရဖို့ ခိုင်မြဲဖို့ဖြစ်တယ်လို့ မျှော်လင့်တယ်။ ငြိမ်းချမ်းရေးရဖို့ အစိုးရကို တွန်းအားပေးဖို့ လာတယ်လို့ ယူဆပါတယ်”ဟု ဆရာနော်လာက ဆက်ပြောသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Kyung-Wha Kangနှင့် အဖွဲ့သည် ကချင်ပြည်နယ် ဒုက္ခသည်စခန်းများသို့ မသွားမီ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာက “ကျွန်မတို့နဲ့က ဆက်ဆံတာ အဆင်ပြေတယ်။ အခြား KIO ထိန်းချုပ်တဲ့နေရာကို သွားမယ်ဆိုရင် ပြည်ထောင်စု အစိုးရက ခွင့်ပြုတယ်ဆိုရင် ကချင်ပြည်နယ် အစိုးရက အမြဲတမ်း ပံ့ပိုးတယ်ပေါ့နော်။ အဲဒါကို သူတို့က ကျေးဇူးတင်တဲ့ အကြောင်း၊ ပြီးတော့ ငြိမ်းချမ်းရေးအတွက်လည်း ကြိုစားပေးပါ။ ဒုက္ခသည် တချို့တဝက်ကို ကျွန်မတို့ ပြည်လည် နေရာချထားရေး ပြီးသွားတာကိုလည်း သူတို့အနေနဲ့ အိုင်ဒီပီတွေ ပြန်သွားပြီး နောက်ပိုင်းမှာလည်း ပြန်လည် နေရာချထားရေးကို ပါဝင်ဆောင်ရွက် ပေးပါတယ် ဆိုတာ ပြောသွားတယ်”ဟု မဇ္စျိမကို ပြောသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် ဇွန်လ ၁ဝ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံ ခရီးစဉ်တွင် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် သွားရောက်၍ ပဋိပက္ခများကြောင့် ဒုက္ခသည်များ၏ လူသားချင်းစာနာကူညီမှု လိုအပ်ချက်များကို လေ့လာခဲ့သည်။

ဇွန်လ ၁၁ နှင့် ၁၂ ရက်က ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသော ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပေါက်တောမြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့ပြီး ၁၃ရက်နေ့တွင် ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။