သျှမ်းပြည် တောင်ပိုင်း မိုင်းရှူး မြို့ လွယ်ဆိုင် (ပတ္တမြားတောင်) တောင် ပေါ်ရှိ သျှမ်းပြည် တပ်မတော် တပ်စခန်းအား အစိုးရ တပ်မတော်က ဂျွန် ၁၁ ရက်က တနေကုန် အင်အားဖြည့် တိုက်ခိုက် ခဲ့သည်ဟု လွယ်ဆိုင် ဒေသ သတင်း ရပ်ကွက် က ပြောသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ /သျှမ်းပြည်တပ်မတော် SSPP/SSA အခြေချထားသည့် လွယ်ဆိုင်တပ်စခန်းအား သံလွင် အနောက်ခြမ်း ကွန်ပန် - ကွန်ခုံးဒေသအတွင်းရောက်ရှိလှုပ်ရှားနေသည့် အစိုးရတပ်မတော်စစ် ကြောင်း များက ယမန်နေ့နံနက်ပိုင်းမှစ၍ အင်အားဖြည့် ဝိုင်းရံကာ ရွှေတိဂုံပုံတူဘုရားကုန်းပေါ်မှနေ၍ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ SSPP/SSA လွယ်ဆိုင်တပ်စခန်းအား ဝိုင်းရံထားသည့် တပ်များက မွန်းလွဲ ၂.၄၅ နာရီမှ စ၍ တက်တိုက်ခဲ့ကြောင်း ရှေ့တန်းရောက် သျှမ်းတပ်မှူးတဦးက ပြောသည်။
“လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ အရင်ပစ်တယ်။ ပြီးမှ အနောက်ကျောကနေ ကျနော်တို့ စခန်း ကိုတက် တိုက်တယ်။ မိုးချုပ်တဲ့အထိပဲ။ အကျအရှုံးများမယ်ထင်တယ်။ ဒဏ်ရာရတဲ့သူလဲများမယ်။ သူတို့ ဆက်မတက် လာနိုင်လို့ ပြန်ဆုတ်သွားမှ လက်နက်ကြီးအသံလည်းရပ်သွားတယ်” - ဟုအဆိုပါတပ်မှူး ကပြောသည်။
မိုင်းရှူးမြို့နယ် SSPP/SSA ၏ လွယ်ဆိုင်တပ်စခန်းတက်တိုက်မှုနှင့် ပတ်သက်၍ သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ နယ်ခွဲ အခြေစိုက် အရှေ့အလယ်ပိုင်း ရလခ စစ်တိုင်းရုံးက - အဆိုပါတပ်စခန်းတက်တိုက်မှုတွင် အထက်အမိန့် မဟုတ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုပင်မသိလိုက်ကြောင်း၊ အောက်ခြေတပ်များ၏ စစ်ရေးလှုပ်ရှားမှု များသာဖြစ်ကြောင်း- ပြောသည်ဟု သျှမ်းပြည်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော် UPWC ကိုလဲ ပြောပြီးပြီ။ ခိုလမ် စစ်တိုင်းရုံးကိုလဲ ပြောပြီး။ အထက်အမိန့် မဟုတ်ဘူးတဲ့။ ဒေသတွင်းလှုပ်ရှားစစ်ကြောင်းတွေကဘဲ လုပ်တာတဲ့။ တိုက်ပွဲဖြစ်ရတဲ့ ကိစ္စလည်း စိစစ်ပေးသွားမယ်တဲ့” - ဟု ဒုဗိုလ်မှူးကြီး စိုင်းလ က ပြောသည်။
ဌာနချုပ်ရုံးအရာရှိ ဗိုလ်မှူးစဝ်စိုင်းတိုင်းကမူ - အစိုးရတပ်မတော်သည် စစ်ရေးငြိမ်သက်မှု အလိုရှိဟန် မတူ ကြောင်း၊ တဘက်စစ်ပြေငြိမ်းလျှင် အခြားဘက် စစ်မျက်နှာသစ်ဖွင့်လိုဟန်ရှိကြောင်း၊ တိုင်းရင်းသား တပ်ဖွဲ့များ နှင့် ငြိမ်းချမ်းရေးတည်ဆောက်ဆဲကာလ နိုင်ငံရေးသဘော တူညီချက်မရမှီ စစ်ရေးအရ အရေးပါသည့် တိုင်းရင်း သားနယ်မြေများအား ရနိုင်သမျှ သိမ်းပိုက်လိုဖွယ်ရှိကြောင်း သျှမ်းသံတော်ဆင့် သို့ပြောသည်။
သံလွင်မြစ်အနောက်ခြမ်း မိုင်းရှူး နှင့် တန့်ယန်းကြားဒေသ လက်ရှိအစိုးရစစ်ရေးပြင်ဆင်နေသည့်ဒေသ သည် သျှမ်းပြည်တပ်မတော် SSPP/SSA အား အမြစ်ပြတ်ချေမှုန်းလိုသည့် သဘောထားမဟုတ် ကြောင်း၊ သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အကြား ဆက်ဆံရေးဖြတ်တောက် နိုင်ရေးအတွက် အဓိက ဖြစ်ကြောင်း၊ ထိုသို့ဖြတ်တောက်ထားနိုင်လျှင် UWSA အား စစ်မျက်နှာသစ်ဖွင့် တိုက်ခိုက် ဖွယ် ရှိလာနိုင်ကြောင်း - သျှမ်းပြည်တော်လှန်ရေးသမား ဟောင်း စစ်ရေးအကဲခတ်များကပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရသည် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတည်ဆောက် ထားသည့် တပ်ဖွဲ့ဖြစ်သည်။